ညောင်လေးပင်မှာ အင်းဝခေတ်လက်ရာလို့ ယူဆရတဲ့ ရှေးဟောင်းဆင်းတုတော်တွေ တူးဖော်တွေ့ရှိ

0
295

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ အလယ်ရွာကျေးရွာက ဝေဠုဝန်ကျောင်းတိုက်မှာ ယိုယွင်းပျက်စီးနေတဲ့ ရှေးဟောင်းစေတီတော်ကြီးကို ပြန်လည်ပြုပြင်ရာကနေ ရှေးဟောင်း ငွေဘုရားဆင်းတုတော်တွေ ဖေဖော်ဝါရီ ၂ ရက်နေ့က တူးဖော်တွေ့ရှိခဲ့ပါတယ်။

ညောင်လေးပင်မြို့က အလယ်ရွာကျေးရွာဟာ ရှေးနှစ်ပေါင်းများစွာကတည်းက သမိုင်းရာဇဝင် ရှိတဲ့ ရွာတစ်ရွာဖြစ်ပြီး ရွာမှာ ရှေးဟောင်းစေတီတော် ကြီးငယ် ၁၁ ဆူရှိပြီး အဲဒီထဲမှာ ဝေဠုဝန်ကျောင်းတိုက်အတွင်းက ပြိုကျပျက်စီးနေတဲ့ စေတီတော်တွေကို ပြန်လည်ပြုပြင်ရာကနေ ပန်းတင်ခုံအပေါ် ဒုတိယပစ္စယံမှာ တွေ့ရှိခဲ့တာပါ။

တွေ့ရှိခဲ့တဲ့ ဆင်းတုတော်တွေဟာ ဉာဏ်တော် ၆ လက်မ သုံးဆူ၊ ဉာဏ်တော် ၅ လက်မ ခြောက်ဆူ၊ ဉာဏ်တော် ၄ လက်မ ရှစ်ဆူ၊ စုစုပေါင်း ငွေသားဆင်းတုတော် ၁၇ ဆူနဲ့ သတ္တဌာနပုံတော်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း အခု ဆင်းတုတော်တွေတွေ့ရှိတဲ့ ကျောင်းဝင်းအတွင်းမှာရှိတဲ့ ရှေးဟောင်းစေတီတော်အပေါ်မှာ ပေါက်နေတဲ့ နပဲပင်ကို ခုတ်ထွင်ရှင်းလင်းရာကနေ ပဉ္စမပစ္စယံမှာ ရွှေသားဆင်းတု၊ ငွေသားဆင်းတုနဲ့ ခဲမိုပုံလောင်း ဆင်းတုတော်တွေ စုစုပေါင်း ၁၁၅ ဆူ တွေ့ရှိခဲ့ပါတယ်။ အခု ဆင်းတုတော်တွေ တွေ့ရှိတဲ့နေရာကတော့ အဲဒီစေတီတော်ရဲ့ အနောက်ဘက်မှာတည်ထားတဲ့ စေတီဖြစ်ပါတယ်။

အခုတွေ့ရှိရတဲ့ ငွေသားဆင်းတုတော်တွေနဲ့ သတ္တဌာန ပုံတော်တွေဟာ အင်းဝခေတ်လက်ရာတွေ ဖြစ်နိုင်တယ်လို့ ပဲခူးမြို့က ရှေးဟောင်းသုတေသနဌာန အငြိမ်းစားအရာရှိတစ်ဦးက ခန့်မှန်းခဲ့တယ်လို့ ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တခေမာစာရ (သာသနဓဇဓမ္မာစရိယ)က မိန့်ကြားခဲ့ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)