ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့မှာ ရွှေထည်ပစ္စည်း သိန်း ၆၀၀ ကျော် ဖောက်ထွင်းခံရ

0
308

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့မှာ ကျပ် သိန်း ၆၀၀ ကျော် တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေ ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်ပွားခဲ့တဲ့နေရာဟာ ဖဒိုမြို့နယ် နယ်မြေရဲစခန်းအပိုင်က နေအိမ်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်နေ့က နယ်မြေရဲစခန်းမှာ လာရောက်တိုင်တန်းခဲ့တာပါ။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၅ နာရီက ဖဒိုမြို့၊ အရှေ့တောင်ဘက် ဘိုးပိုက်ဆံ (၂)ရပ်ကွက်၊ ၃ လမ်းနေ မခိုင်မာဦးဟာ နေအိမ်မှာ အိပ်ရာနိုးချိန် အိမ်ရှေ့တံခါးပွင့်နေတာကြောင့် ယောက်မဖြစ်သူ မခင်မေရနဲ့ အတူ အိမ်အတွင်း လိုက်ရှာဖွေရာမှာ အပေါ်ထပ်အိပ်ခန်းထဲက သံသေတ္တာအတွင်းသိမ်းထားတဲ့ ရွှေတုံးတွေ အပါအဝင် ရွှေထည်ပစ္စည်းမျိုးစား ၇၀ ကျပ်သား (ကာလတန်ဖိုး ကျပ် သိန်း ၆၀၀ ခန့်)၊ ငွေစက္ကူပိုက်ဆံ ကျပ် သိန်း ၂၀နဲ့ ရွှေဝယ်ဘောက်ချာတွေ၊ အိမ်ဂရန် ခြံဝယ် စာချုပ်တွေပါ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မခိုင်မာဦက တိုင်တန်းခဲ့တာကြောင့် နယ်မြေရဲစခန်းက (ပ)၈၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

“ ဆရာလေးတို့က ရန်ကုန်သွားနေလို့ အိမ်မှာ ညီမနဲ့ယောက်မကို ထားခဲ့တယ်။ ကုန်စုံဆိုင်လည်း ဖွင့်ထားတယ်လေ။ အိမ်မှာက အပေါ်ဝရံတာတံခါးကနေ ဝင်တယ်လို့ ထင်ရတာပဲ။ ပြီးတော့ အခန်းတံခါးကိုလည်း သော့ခတ်ထားတယ်လေ။ အဲဒီအခန်းထဲမှာက သံသေတ္တာကို ထားတာလေ။ နောက်နေ့မနက်မှ ရန်ကုန်ကို ဖုန်းဆက်မှ သိရတယ်လေ။ အခန်းသော့ကိုက ဈေးဆိုင်က ငွေသေတ္တာထဲမှာ ထားခဲ့တာပါ။ ရွှေက ၁၀ သားတုံး နှစ်တုံး၊ ၅ ကျပ်သားတုံး နှစ်တုံးနဲ့ တခြား လက်ဝတ်လက်စားတွေရယ်၊ ငွေတွေရယ်၊ စာရွက်စာတမ်းတွေရယ် ပါသွားတာပေါ့။ အိမ်မှာက ယောက်ျားသား မရှိဘူးလေ”လို့ ဖောက်ထွင်းခိုးယူခံရသူတွေရဲ့ မိသားစုဝင် သီလရှင် ဆရာလေး ဒေါ်ဝိဇ္ဇါရီက ပြောကြားခဲပါတယ်။

ဖဒိုမြို့မှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းကလည်း ရွှေဆိုင်တစ်ဆိုင်မှာ ရွှေဝယ်ဟန်ဆောင်ပြီး ရွှေထည်တွေကို ခိုးယူထွက်ပြေးတဲ့ အမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် အခု ဖောက်ထွင်းမှုကို ဒေသံခံတွေက စိတ်ဝင်စားနေကြပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)