ပဲခူးကနေ နေပြည်တော်အထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်သူ တောင်ငူကို ရောက်ရှိ

0
349

တရားစီရင်မှု ဖြောင့်မတ် မှန်ကန်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ကနေ နေပြည်တော်အထိ တစ်ကိုယ်တော် လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်နေတဲ့ မသဉ္ဇာမောင်မောင်ဟာ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ တောင်ငူမြို့ကို ရောက်ရှိခဲ့ပါတယ်။

မသဉ္ဇာမောင်မောင်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၉ နာရီမှာ ပဲခူးမြို့နယ် တရားရုံးကနေ ထွက်လာတာပြီး သုံးရက်မြောက်နေ့မှာ တောင်ငူကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မသဉ္ဇာမောင်မောင်ဟာ နေပြည်တော် မြို့မဈေးအထိ လမ်းလျှောက်မှာဖြစ်ပြီး အစအဆုံးခရီးဟာ မိုင် ၂၀၀ ကျော် ရှိပါတယ်။

မသဉ္ဇာမောင်မောင်ဟာ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး ၂ မှာ နေထိုင်သူဖြစ်ပြီး လက်ရှိမှာ အမှုရင်ဆိုင်နေရသူ တစ်ဦး ဖြစ်ပါတယ်။
ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစစ်နောင်က ရုံးတံဆိပ်တွေ၊ စည်းတံဆိပ်တွေအသုံးပြုပြီး သူ့ရဲ့ မမြင်ကွယ်ရာမှာ ငွေကြေးကိစ္စ စာချုပ်တွေချုပ်ဆိုခဲ့ပြီး သူကိုယ်တိုင် လက်မှတ်မထိုးထားတဲ့စာချုပ်ကို အုပ်ချုပ်ရေးမှူးက လက်မှတ်အတုထိုးပြီး တရားရုံးတင်ခဲ့တာကြောင့် အဲဒီ လက်မှတ်အတုကို အတုအစစ် စစ်ဆေးပေးဖို့ မြို့နယ်တရားရုံး၊ တိုင်းတရားတွေကို အဆင့်ဆင့် လျှောက်ထားခဲ့ပေမဲ့ ထူးခြားမှု မရှိခဲ့ဘူးလို့ မသဉ္ဇာမောင်မောင်က ပြောပါတယ်။

လက်ရှိအချိန်မှာ ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့အတွက် နစ်နာမှုအများအပြားရှိနေပြီး ပြည်သူတစ်ယောက် အနေနဲ့ အားကိုးစရာ မရှိတာကြောင့် ခရိုင်အဆင့်၊ တိုင်းအဆင့် တာဝန်ရှိသူတွေနဲ့ တရားစီရင်ရေးမဏ္ဍိုင်က တရားသူကြီးတွေ သိရှိစေဖို့ အခုလို တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မသဉ္ဇာမောင်မောင်ဟာ ဖေဖော်ဝါရီ ၈ ရက်နေ့က တောင်ငူမြို့ ၇ ရပ်ကွက်၊ စည်ပင်ဂိုဏ်းအုပ် စာသင်တိုက်မှာ ညအိပ်ရပ်နားပြီး ဖေဖော်ဝါရီ ၉ ရက်(ဒီကနေ့)မှာ ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ်။ မသဉ္ဇာမောင်မောင်ဟာ သူနဲ့အတူ နို့စို့အရွယ် သမီးလေးတစ်ဦးလည်း အတူခေါ်လာခဲ့တာ ဖြစ်ပါတယ်။

“အခု မနက်ပေါ့နော်။ ခပေါင်းတံတားကနေ စထွက်တယ်။ တောင်ငူမြို့ထဲ လှည့်တယ်။ မနေ့ကတော့ ဇေယျာဝတီမြို့မှာ ခြေထောက်တွေနာလာလို့ မြို့ခံဆရာဝန်တစ်ဦးနဲ့ ဆေးကုသမှုခံယူခဲ့ရတယ်။ အခုလည်း အစ်မက ခြေထောက်တွေ အရမ်းရောင်တေယ်လေ။ ကလေးငယ်ကလည်းပါတော့ ခရီးက ထိန်းသွားနေရတာ။ ခုတောင်ငူမြို့က စထွက်နေပါပြီ”လို့ ဝန်းရံစောင့်ရှောက်လိုက်ပါသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)