လက်နက်အမှုနဲ့ အရေးယူခဲ့တဲ့ အမှုအားလုံးထဲမှာ ဓားလက်နက်သုံးစွဲတဲ့အမှု ၉၇ ရာခိုင်နှုန်းရှိ

0
290

၂၀၁၆ ခုနှစ် နှစ်စကနေ အောက်တိုဘာ ၁၅ ရက်နေ့အထိ အရေးယူဆောင်ရွက်ခဲ့တဲ့ လက်နက် ပုန်း အမှုတွေထဲမှာ ၉၇ ရာခိုင်နှုန်းဟာ ဓားလက်နက်နဲ့ပတ်သက်ပြီး ဥပဒေချိုးဖောက်လို့ အရေးယူခဲ့တဲ့ အမှုတွေဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

crime

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ထားဝယ်မဲဆန္ဒယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိန်ရဲ့ မေးမြန်းမှုကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖြေကြားရာမှာ အဲဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။

၂၀၁၆ ဇန်နဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာ ၁၅ ရက်နေ့အထိ လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉(င) အရ ဓားလက်နက်နဲ့ပတ်သက်ပြီး အရေးယူခဲ့တဲ့ အမှုအရေအတွက် စုစုပေါင်း ၃၀၁၈ မှု ရှိခဲ့တာလို့ ဗိုလ်ချုပ် အောင်စိုးက ပြောဆိုခဲ့ပါတယ်။

လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉(င)ဟာ ဓားဦးချွန်ပြီး ဓားရိုးမှာ ခိုင်မြဲစွာတပ်ထားတဲ့ အလျားအရှည် ဓားရိုးပါ ငါးလက်မထက်ပိုတဲ့ အိမ်သုံး၊ လယ်ယာသုံး(သို့မဟုတ်) စက်မှုလုပ်ငန်းအတွက်သာ ရည်ရွယ်တဲ့ ဓားကို လိုင်စင်မဲ့ ဖြစ်စေ၊ လိုင်စင်ပါပြဋ္ဌာန်းချက်အတိုင်း မလိုက်နာရင်ဖြစ်စေ ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် လက်နက်နဲ့ကျူးလွန်တဲ့ အမှုတွေမှာလည်း လူသတ်မှုအတွင်း ဓားလက်နက်သုံးစွဲမှု ၅၅ ရာခိုင်နှုန်းကျော်၊ လုယက်မှုအတွင်း ဓားသုံးစွဲမှု ၅၃ ရာခိုင်နှုန်းနဲ့ နာကျင်မှုအတွင်း ဓားလက်နက်သုံးစွဲမှု ၃၂ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)