နိုင်ငံရေးပါတီတွေ စည်းရုံးရေးကာလ ကျင့်ဝတ်စောင့်ထိန်းကြဖို့ ကော်မရှင်ဥက္ကဋ္ဌ သတိပေး

0
361

မကြာခင်မှာကျင်းပဖို့ရှိနေတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ်တိုင်ပါဝင်ရေးဆွဲပြီး လက်မှတ်ထိုးထားတဲ့ နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ကျင့်ဝတ် Code of Conduct တွေကို လိုက်နာပြီး

ဟောပြောစည်းရုံးတာတွေကို ပြုလုပ်ကြဖို့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတိပေးပြောကြားလိုက်ပါတယ်။။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ရောက်ရှိနေတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒေသခံ မဲဆန္ဒရှင်ပြည်သူတွေနဲ့အတူ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေကို အောက်တိုဘာလ ၇ ရက်နေ့က တွေ့ဆုံစဉ် အဲ့လို ပြောကြားလိုက်တာဖြစ်ပါတယ်။

U Tin Aye

ဒါ့အပြင် ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေဟာ လွှတ်တော်အရပ်ရပ်ရဲ့ ရွေးကောက်ပွဲ ဥပဒေ အခန်း (၁၃) ပါ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ၊ အခန်း (၁၄) ပါ တရားမဲ့ ပြုကျင့်မှုတွေကို လိုက်နာကျင့်သုံးပြီး ဥပဒေရဲ့ အကာအကွယ်ကို ရယူဖို့နဲ့ အသိတရားနဲ့ ယှဉ်ပြီး လေးစားလိုက်နာကြဖို့ကိုလည်း ပြောကြားလိုက်တာပါ။

လက်ရှိအချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲစာရင်းမှာ ပါဝင်တာမျိုးမရှိရင် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ပုံစံ (၃) နဲ့ လျှောက်ထားပြီး ဆန္ဒမဲပေးနိုင်အောင် ဆောင်ရွက်ကြဖို့ကိုလည်း နှိုးဆော် ပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ ကော်မရှင်က ကြေညာထားပြီး အဲ့ဒီရွေးကောက်ပွဲကို နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံနေကြတာလဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)