မူးယစ်ဆေးဝါးတွေနဲ့ ထိန်းချုပ် ဓာတုဆေးဝါးတွေ မြဝတီမြို့မှာ ဖမ်းဆီးရမိ

0
367

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မူးယစ်ဆေးဝါးတွေနဲ့ ထိန်းချုပ် ဓာတုဆေးဝါးတွေကို ဖမ်းဆီးရမိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ဟာ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဇော်ဂျီ (၂) လမ်းမှာ သတင်းအရ စောင့်ဆိုင်းစဉ် မသင်္ကာဖွယ် လူနှစ်ဦး တွေ့ရှိလို့ မေးမြန်းစစ်ဆေးရာ စိုင်းရွှေ (ဘ) ဦးစံကောနဲ့ နန်းရှန်နွန်း (ဘ) ဦးဗေးဗိုလ်တို့ ဖြစ်ကြောင်း သိရှိရပြီး စိုင်းရွှေ ကိုင်ဆောင်ထားတဲ့ စက္ကူဖာအတွင်းက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၀၀၀ ခန့်) ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။

ဆက်စပ်သတင်းတွေအရ တစ်ရပ်ကွက်တည်းနေ ဦးဖေသန်းအောင် (ဘ) ဦးသန်းဌေးနဲ့ ဝေယံ (ဘ) ဦးလှအောင်တို့ နေအိမ်တွေကို သွားရောက် စစ်ဆေးရှာဖွေရာ ဦးဖေသန်းအောင် နေအိမ်မှာ အောင်နိုင်စိုး (ဘ) ဦးစိုးဝင်းကို ထပ်မံတွေ့ရှိရပြီး နေအိမ်အတွင်းက WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ ပြား တွေ့ရှိရပါတယ်။ ဒါ့အပြင် နေအိမ်ခြံဝင်းအတွင်းမှ လိုင်စင်စိစစ်ဆဲ Nissan- Navara အမျိုးအစား မော်တော်ယာဉ် ၁ စီးနဲ့ Moccona Wave-125 အမျိုးအစား မော်တော်ဆိုင်ကယ် ၁ စီးတို့ကိုလည်း တွေ့ရှိ သိမ်းဆည်းခဲ့ပါတယ်။

ဝေယံရဲ့ နေအိမ်မှာလည်း ဝေယံ အပါအဝင် အမျိုးသား ၄ ဦးနဲ့အတူ ဆိုဒီယမ်ဆိုင်ရာနိုက် ပုံဆောင်ခဲ ၂၅ အိတ် (၁၂၅၀ ကီလိုဂရမ်) (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၇၅ သိန်းခန့်) စတာတွေကို အသီးသီး ဖမ်ဆီးရမိခဲ့ပါတယ်။ အဲဒီနောက် ဆိုဒီယမ်ဆိုင်ရာ နိုက်ပုံဆောင်ခဲတွေကို တစ်ရပ်ကွက်တည်းနေ ဇော်ထက်အောင် (ဘ) ဦးတင်မောင် ထံက ရရှိကြောင်းသိရှိရလို့ ဇော်ထက်အောင်ကို သူရဲ့နေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

ဇော်ထက်အောင်ကို စိစစ်မေးမြန်းချက်အရ ဒေါနပန်းလမ်းရှိ ဂိုဒေါင်နေရာအား လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွားရောက်ရှာဖွေ စစ်ဆေးရာ ဂိုဒေါင်အတွင်းက ဆိုဒီယမ် ဆိုင်ရာနိုက် ပုံဆောင်ခဲ အိတ် ၄၀၀ (၂၀၀၀၀ ကီလိုဂရမ်ခန့်) (ခန့်မှန်တန်ဖိုးငွေ ကျပ်သိန်း ၁၂၀၀ ခန့်) ကို ထပ်မံ သိမ်းဆည်းရမိခဲ့ပြီး ပိုင်ရှင်ဖြစ်သူ မယဉ်မွန်ဇော် (ဘ) ဦးသန့်ဇော်ကတော့ ထွက်ပြေး တိမ်းရှောင်နေပါတယ်။


_________________

ဖမ်းဆီးရမိသူတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ ထိန်းချုပ် ဓာတုပစ္စည်းတွေကို မြဝတီမြို့မ ရဲစခန်းကို စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)