အကြီးတန်း သတင်းထောက် ဆွေဝင်းကို မန်း မဘသ က ၆၆ (ဃ) နဲ့ အမှုဖွင့်

0
246

Myanmar Now သတင်းဌာနက အကြီးတန်း သတင်းထောက် ကိုဆွေဝင်း (ခ) ဘကောင်းက ဦးဝီရသူကို ဝေဖန်ရေးသားတယ်ဆိုပြီး မန်း မဘသ က ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်လိုက်ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မန်း မဘသ) အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးကျော်မျိုးရွှေ ဆိုသူက ကိုဆွေဝင်းကို မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်၊ အမှတ် (၇) ရဲစခန်းမှာ သွားရောက်တိုင်ကြားပြီး အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

“ဝီရသူ ပါရာဇိက ကျပြီး ရဟန်းဘဝ နိဋ္ဌိတံသွားပြီ ဖြစ်ကြောင်း သိရပါတယ်၊ ပါရာဇိက ခုမှကျတာတော့ မဟုတ်လောက်ဘူး” လို့ သတင်းပါရေးသားချက်ကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ Ba Kaung ဖေ့စ်ဘုတ် အကောင့်မှာ ရေးတင်ခဲ့ပါတယ်။
အဲဒီလို ရေးသားချက်တွေနဲ့ ပတ်သက်ပြီး ဦးဝီရသူ (ဦးဝိစိတ္တာဘိဝံသ) က ၇ ရက်အတွင်း တောင်းပန်ဖို့ ပြောခဲ့ပေမယ့် မတောင်းပန်တဲ့အတွက် အမှုဖွင့်တာ ဖြစ်ပါတယ်။

သူ့ကို လာမဖမ်းခင် ကိုယ့်ဖာသာကိုယ် အင်တာဗျူးလုပ်ပြီး တင်ပေးခဲ့ပါတယ်ဆိုပြီး ကိုယ်တိုင်ရေး အင်တာဗျူးကိုလည်း ကိုဆွေဝင်းက ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။

“ရာဇ၀တ်မှုတစ်ခုကို ပြောင်ပြောင်တင်းတင်း ထောက်ခံနေသူတွေကို ဥပဒေကြောင်းအရ အရေးမယူဘဲ မဆီမဆိုင်ကျနော့်ကို လာအရေးယူမယ် ဆိုရင်တော့ ဒီတိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်လာရင် အာဏာပိုင်တွေရဲ့ နည်းလမ်းမကျတဲ့ မူဝါဒတွေ ဘယ်လောက်အတိုင်းအတာထိ ဆက်ဖြစ်နေသလဲ ဆိုတာ ပေါ်လွင်မှာ ဖြစ်ပါတယ်” လို့ ရေးထားပါတယ်။

အခုသတင်းဖော်ပြတဲ့ မတ်လ ၈ ရက်၊ မနက် ၁၁ နာရီခွဲ အချိန်အထိတော့ ကိုဆွေဝင်းကို ဆက်သွယ် အကြောင်းကြားလာတာမျိုး မရှိသေးဘူးလို့ ကိုဆွေဝင်းနဲ့ နီးစပ်သူတစ်ဦးက MCN ကို အတည်ပြုပါတယ်။

သတင်းထောက် ဆွေဝင်းဟာ အိမ်အကူ မိန်းကလေး နှစ်ယောက်ကို ညှဉ်းပန်း နှိပ်စက်တဲ့ အင်းဝ အပ်ချုပ်ဆိုင် အမှုကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်း ဖော်ထုတ်ရေးသားရုံမက ကိုယ်တိုင် ဥပေဒကြောင်းအထိ အရေးယူနိုင်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် မနှစ်က စက်တင်ဘာလမှာ သမ္မတက ဂုဏ်ပြုလွှာ ချီးမြှင့်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)