ကြားကကူညီသူတွေ ခေါင်းပုံဖြတ်လို့ လယ်ယာ နစ်နစ်ကြေး သိန်း ၂၀ စီသာ ရခဲ့တယ်လို့ တောင်သူတွေပြော

0
279

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်းက လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုအပေါ် လျော်ကြေးပေးအပ်ခဲ့ပေမဲ့ ကြားက ကူညီသူတွေက ခေါင်းပုံဖြတ်ခဲ့တာကြောင့် အပြည့်အဝမရခဲ့ဘူးလို့ မူလ တောင်သူတွေက ပြောကြားလိုက်ပါတယ်။

ဖြူးမြို့နယ်၊ ကြက်ပေါင်ချောင်း ကျေးရွာအုပ်စု၊ အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၆ နဲ့ ၁၁၇ ကြားက ကွင်းအမှတ် ၂၆၄၊ ရေလျှံကရင်ကွင်းမှာရှိတဲ့ အငြင်းပွား လယ်ယာမြေတွေအပေါ် လျော်ကြေးတွေပေးအပ်မှု အပြည့်အဝ မရရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီး တောင်သူတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။
“ကျွန်မတို့က မူလတောင်သူတွေပါ။ စုစုပေါင်း ခြောက်ယောက်ပါ့။ အဲဒီမှာ ရဲမှူးချုပ်က ကျွန်မတို့ မြေဧက (၂၀)အတွက် နစ်နာကြေးသဘောမျိုး သိန်း ၄၀၀ ပေးတယ်လို့ သိရတယ်။ ငွေထုတ်တဲ့အချိန်လည်း ကျွန်မတို့ကို မခေါ်ဘူး။ သူတို့ပဲ ထုတ်သွားတယ်။ ပြီးတော့မှ ကျွန်မတို့ကို သိန်း ၂၀ ပေးတယ်။ သူပေးတာကို ယူ၊ ကျွေးတာကိုစား လို့လည်း ပြောတယ်။ သနားလို့ ပေးတာလို့လည်း ဒေါ်နုဆိုတဲ့ အမျိုးသမီးက ပြောတယ်။ ပိုတဲ့ငွေကိုတော့ ပေးသင့်ပေးထိုင်သူတွေကို ပေးရသေးတယ်။ လေဘာဦးမြင့်ကိုလည်း သိန်း ၁၂၀ တန် ကားဝယ်ကန်တော့ပေးရမယ်လို့လည်း ပြောပါတယ်။ ကျွန်မတို့ကျတော့ သိန်း ၂၀ ပဲ ရပါတယ်”လို့ တောင်သူအမျိုးသမီးတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လိုက်ပါကူညီပေးသူ ဒေါ်နုနဲ့ ဒေါ်စန်းမြင်တို့ကို ဆက်သွယ်မေးမြန်းရာမှာတော့ “သူတို့ကို ကျွန်မက သနားလို့ပေးတာ။ ဒီကိစ္စမှာ ကုန်ကျစရိတ်တွေ ရှိတယ်။ အလကားသွားလို့ မရဘူး။ ပေးသင့်ပေးထိုင်သူတွေကို ပေးရသေးတယ်။ အကုန်ပါးစပ်တွေနဲ့ ရေတောင် အလကားမရဘူး။ အခု ငွေကလည်း ရဲမှူးချုပ်ကြီးက လှူတာ။ လျော်ကြေးပေးတာ မဟုတ်ဘူး။ လယ်သမားမဟုတ်သူတွေပါတယ်ဆိုတာက အင်အားပြ ခေါ်ရတယ်လေ။ ဝေစုလည်း သူတို့ကို ပေးရတယ်။ လေဘာဦးမြင့်စိုးကို ကန်တော့ရတယ်ဆိုတာကလည်း သူက လက်မခံ့ါဘူး။ ကျွန်မတို့ရဲ့ သိတတ်မှုပါ။ ကြားခံလူနဲ့ ကန်တော့ရတာပါ။ ငွေကိုကတော့ ဖြူးမြို့နေရာမှာ ခေါ်ပေးတာပါ။ တောင်သူတွေက လူပါးဝတာပါ။ နိုမို့ဆို သူတို့ တစ်ကျပ်မှ မရဘူး။ ခုမှ စောဒက တက်နေတာပါ”လို့ ပြန်လည် ဖြေကြားခဲ့ကြပါတယ်။

ဒီဖြစ်စဉ်ဟာ ကြက်ပေါင်းချောင်းအုပ်စု၊ ရေလျှံကရင်ကွင်းမှာရှိတဲ့ တောင်သူတွေဆီက ရဲမှူးချုပ် ဆိုသူတစ်ဦးက လယ်မြေ ဧက ၂၀ ကို သိမ်းယူခဲ့တဲ့အတွက် လျော်ောကးအဖြစ် သိန်း ၄၀၀ ပေးလျော်ခဲ့ပေမဲ့ ခြောက်ဦးစလုံးဟာ တစ်ဦးကို သိန်း ၂၀ စီသာ ရရှိခဲ့ပြီး တခြားပိုလျှံငွေတွေ ခွဲဝေပေးတာမျိုး မရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)