လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရပြီး ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့တဲ့ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ မြေပြိုမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ အဓိက တာဝန်ရှိတဲ့ အဆင့်မြင့်အရာရှိ နှစ်ဦးကို အရေးယူထားကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်နဲ့ လုံခြုံရေးဆိုင်ရာ အဓိကတာဝန်ရှိတဲ့ တပ်မှူး တစ်ဦးကို ဇူလိုင်လ ၃ ရက်နေ့ ကတည်းက မူလစစ်ဘက်တာဝန်တွေကို ထမ်းဆောင်စေကာ လိုအပ်တဲ့ အရေးယူမှုတွေလုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ တပ်မတော်က ဇူလိုင် ၆ ရက်နေ့ ညနေပိုင်းက သတင်းထုတ် ပြန်ထားတာပါ။

အခုလို အရေးယူမှု ဆောင်ရွက်မှုကြောင့် လစ်လပ်သွားတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာအတွက် အစားထိုး ခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန် ချက်ကဆိုတာပါ။
သူတို့နှစ်ဦးအနေနဲ့ ကန့်သတ်နယ်မြေအတွင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပ ပြီးအစီရင်ခံဖို့နဲ့ နယ်မြေလုံခြုံရေးအတွက် သူတို့မှာ အဓိကတာဝန်ရှိတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး အသင့်လျှော်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်လို့ လည်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က AFP သတင်းဌာနကို ပြောကြားထားပါတယ်။