ဗြိတိန်က မြန်မာ့တပ်မတော် အကြီးအကဲ နှစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်

0
2269

ရိုဟင်ဂျာတွေနဲ့ တခြား တိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့်အရေးချိုး ဖောက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗြိတိန်နိုင်ငံကနေ မြန်မာ့တပ်မတော် အကြီးအကဲနှစ်ဦးကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ 

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ကို စီးပွားရေးအရ အရေးယူ ဒဏ်ခတ်မှုတွေကို ချမှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဥရောပသမဂ္ဂကနေ နှုတ်ထွက်ပြီးနောက် ဗြိတိန်အနေနဲ့ ပိုင်ဆိုင်မှု ထိန်းချုပ်ကန့်သက်ရေးနဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုတွေကို ပထမဆုံး လွတ်လပ်စွာ ဒဏ်ခတ်ပိတ်ဆို့မှု စည်းမျဉ်းတွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်က အခုချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆိုမှုထဲ မြန်မာ့တပ်တော် ခေါင်းဆောင် နှစ်ဦးအပြင် ရုရှားနိုင်ငံသား ၂၅ ဦးနဲ့ ဆော်ဒီနိုင်ငံသား ၂၀ တို့လည်းပါဝင်နေတာပါ။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က “ဒီတိုင်းပြည်မှာ သွေးပိုက်ဆံတွေ ခိုးယူမှုတွေကို ရပ်တန့်ဖို့ရည်ရွယ်” တယ်လို့ပြောဆိုထားပါတယ်။ 

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တပ်မတော်က နှိမ်နင်းရာက ရိုဟင်ဂျာ ၇ သိန်းကျော် တဖက်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး စစ်ဆင်ရေးထဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာတွေအပြင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက စဉ်ဆက်မပျက် ပြောဆိုနေတာပါ။

မြန်မာအစိုးရအနေနဲ့ကတော့ နယ်မြေရှင်းလင်းရေးတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ရင်လည်း  ပြည်တွင်းတရားစီရင်ရေးနဲ့အညီ အရေးယူမှုတွေ ဆောင်ရွက်နေသလို ထွက်ပြေးသွားသူတွေကိုလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူ စာချုပ်နဲ့အညီ ပြန်လည်လက်ခံသွားမယ်လို့ ပြောကြားထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ တရားဝင်လက်ခံတာမျိုး မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)