တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးကို တခုမှ ထိထိရောက်ရောက် မလုပ်ကြောင်း ဥပဒေအထောက်အကူပြု ကွန်ရက် ဝေဖန်

0
296

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရဟာ ဥပဒေ စိုးမိုးရေးကို အသံကောင်းဟစ်နေပေမယ့် အဓိက ပင်မ အခရာကျလှတဲ့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲရေးကို တခုတလေမှ ထိရောက်အောင် လုပ်ဆောင်ခြင်း မပြုဘူးလို့ ဥပဒေအထောက်အကူပြု ကွန်ရက် (LAN) က ဝေဖန်လိုက်ပါတယ်။

တရားသူကြီး အများစုဟာ စစ်အာဏာရှင်တွေကို ခယဝပ်တွား ဦးကျိုးရာမှာ အသားကျနေပြီး အစိုးရက တိုင်တန်း အရေးယူတဲ့ မှုခင်းတွေမှာ ၎င်းတို့ အလိုကျစေမယ့် စစ်ဆေး စီရီင်မှုတွေ ပြုလုပ်နေတယ်လို့ LAN ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ္တရာမြို့နယ် တရားရုံးမှာ အမှုစစ်ဆေးစီရင်စဉ် တရားသူကြီးကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးဇော်ဝင်း အမှုနဲ့ ပတ်သက်ပြီး LAN က ထုတ်ပြန်တာ ဖြစ်ပါတယ်။

ရှေ့နေတွေ အနေနဲ့ တရားရုံးဟာ သူတို့ဘဝ၊ ဂုဏ်သိက္ခာ၊ ထမင်းအိုးဖြစ်ပြီး ဘယ်ရှေ့နေမှ အဲဒီလို ပြုမူဖို့ သဘောထားမရှိဘဲ မတရားမှုကို ရင်ဆိုင်ပြလိုက်တာ ဖြစ်ကာ တရားသူကြီးတွေရဲ့ မတရားပြုနေမှုတွေကို နည်းမျိုးစုံသုံး ပြတ်ပြတ်သားသား ဖော်ထုတ် တိုက်ပွဲဝင်သင့်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဥပဒေအထောက်အကူပြု ကွန်ရက်က NLD အစိုးရ အနေနဲ့ အမြန်ဆုံး လုပ်ဆောင်သင့်တဲ့ အချက် ၅ ချက်ကိုလည်း တိုက်တွန်းထားပါတယ်။

ဂျူရီစနစ် ပြောင်းလဲဖို့၊ မျှတတဲ့ စစ်ဆေးစီရင်မှု စံထားချက်တွေကို အကောင်အထည် ဖော်ဖို့၊ လွတ်လပ်တဲ့ တရားရေး ဝန်ဆောင်မှု ကော်မရှင်ကို တိုင်းရင်းသားပြည်နယ် အသီးသီးများမှာပါ ပေါ်လာစေဖို့၊ စစ်တပ်က အရပ်သားအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို အရပ်ဘက် တရားရုံးတွေမှာ စစ်ဆေးစီရင်ခွင့်ရနိုင်ဖို့နဲ့ မတရား ဖမ်းဆီးခံရသူတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခွင့်ရမယ့် ရှေ့တော်သွင်း စာချွန်တော် ထုတ်ပြန်နိုင်ခွင့် ရှိရေးတို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)