ရခိုင်မှာ ပဋိပက္ခ လျှော့ချဖို့နဲ့ ဖွံ့ဖြိုးရေးအတွက် NVC က အခက်အခဲ ဖြစ်နေ

0
261

ရခိုင်ပြည်နယ်မှာ ပဋိပက္ခ၊ တင်းမာမှု လျှော့ချရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ဆောင်မယ်ဆိုပေမယ့် မွတ်စလင်တွေ အနေနဲ့ နိုင်ငံသားစိစစ်ခံယူခွင့်ကတ် (NVC) လက်ခံရေးဟာ အတားအဆီး အခက်အခဲ ဖြစ်နေပါတယ်။

NVC လုပ်ဖို့ တွန့်ဆုတ်နေကြတဲ့ အကြောင်းအရင်းတွေက ဧည့်နိုင်ငံသား ဖြစ်သွားမှာ စိုးရိမ်မှုနဲ့ သူတို့ မွတ်စလင် အချင်းချင်းကြားမှာ ကတ်မယူဖို့ ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ ရခိုင်ကို သွားရောက် သတင်းယူခဲ့ကြတဲ့ သတင်းထောက် တွေက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေ အတွင်း မတ် ၂၈ ရက်ကနေ ဧပြီ ၁ ရက်အထိ သတင်းမီဒီယာသမား ၁၈ ဦး သတင်းရယူခဲ့ကြပါတယ်။

အဲဒီကို သွားရောက်ခဲ့တဲ့ သတင်းသမားတွေထဲက တစ်ဦးဖြစ်တဲ့ စင်ထရယ်နယူးဗျူရိုက အယ်ဒီတာချုပ် ဦးစည်သူအောင်မြင့်က “နိုင်ငံသားစိစစ်မှုခံယူမယ့် ကတ်ပြား NVC ကတ် ထုတ်ပေးတဲ့ကိစ္စမှာ အခက်အခဲတွေ အများကြီး တွေ့နေတာ တွေ့ရတယ်။ အဲ့ဒါက အဲ့ဒီဒေသမှာရှိတဲ့ အစ္စလမ် ဘာသာဝင်တွေက ကတ်ပြား မလုပ်ချင်ကြဘူး။ တစ်ဖက်က အစိုးရ အနေနဲ့ကလည်း အုပ်ချုပ်ရေး အရကော နယ်မြေစိုးမိုးရေး အရပါ ဒီကတ်ပြား ရှိတဲ့သူတွေသာ ခရီးသွားလာခွင့်၊ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်ခွင့်၊ နောက် လှေလုပ်ငန်းတွေ မှာ လုပ်ကိုင်ခွင့်ပေါ့။ အဲ့ဒီလို စည်းကမ်းတွေ သတ်မှတ်ထား တော့ သူတို့တွေက လာမလုပ်ဘူး။ တစ်ဖက်ကလည်း ဒါတွေ လုပ်မှသာ စီးပွားရေးကိစ္စတွေ လုပ်နိုင်မယ်ဆိုတော့ အဲ့ဒီအခက် အခဲ အကျပ်အတည်းကြီး တစ်ခုတော့ တွေ့ရတယ်” လို့ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

“NVC ကတ်လုပ်ဖို့ ပြောတော့လည်း သူတို့တွေသည် ဧည့်နိုင်ငံသား ဖြစ်သွားမယ်။ ဒါကြောင့် မလုပ်ချင်ဘူး။ နောက်တစ်ခါ ကျွန်မတို့ ပြန်ကြားတာက NVC ကတ် လုပ်မယ်ဆိုရင် ခြိမ်းခြောက်မှုတွေ ရှိတယ်။ ဒီကတ်လုပ်ရင် အသက်အန္တရာယ်ရှိတယ်။ မလုပ်နိုင်ဘူး” လို့ ဖူဂျီတီဗွီ သတင်းထောက် ဒေါ်အိအိတင်ကလည်း ပြောပါတယ်။

ဖရန်တီးယားမြန်မာ နေပြည်တော် တာဝန်ခံ ဦးဉာဏ်လှိုင်လင်းက “အာဏာပိုင်အဖွဲ့အစည်းက အရေးယူမှာ စိုးရိမ်နေသလို သူတို့တွေရဲ့ အဖွဲ့အစည်းထဲမှာလည်း ခြိမ်းခြောက်ခံရတဲ့ အခြေအနေတွေ ရှိနေတယ်။ စိတ်မကောင်း စွာပဲ တင်းမေကျေးရွာ တာဝန်ခံ အသတ်ခံရတယ်ကြားတယ်” လို့ ပြောပါတယ်။

သူက ဆက်လက်ပြီး “အစ္စလမ် အသိုင်းအဝိုင်း အချင်းချင်းမှာကိုက ခြိမ်းခြောက်မှုတွေရှိလာနေတော့ အစိုးရ အနေနဲ့ ယုံကြည် မှုရဖို့ အထူးသတိထား လုပ်ဆောင်ဖို့ လိုတယ်လို့ ယူဆပါ တယ်” လို့ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်က ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး နဲ့ အဲ့ဒီကနေတစ်ဆင့် ပဋိပက္ခတွေ လျှော့ချမယ်ဆိုတဲ့ အစီအစဉ်ကို အကြံပြု တင်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)