ရခိုင်ပြည်နယ် ခရီးစဉ်မှာ ၉၀ ရာခိုင်နှုန်းလောက် လွတ်လပ်စွာ သတင်းယူခွင့်ရ

0
300

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေ အတွင်း မတ် ၂၈ ရက်ကနေ ဧပြီ ၁ ရက်အထိ သတင်းမီဒီယာသမား ၁၈ ဦး သတင်းရယူခဲ့ကြပါတယ်။

သတင်းရယူရာမှာ ၉၀ ရာခိုင်နှုန်းလောက် အထိ လွတ်လပ်မှု ရှိခဲ့ပြီး ကျန်ရာခိုင်နှုန်းကတော့ လုံခြုံရေးအရ စိုးရိမ်မှုကြောင့်နဲ့ ပထမ တစ်ရက်မှာ တာဝန်ရှိသူတွေ အနားကို လာတာကြောင့် မလွတ်လပ်ခဲ့ဘူး ဖြစ်သွားတယ်လို့ ဆိုကြပါတယ်။

သွားရောက် သတင်းယူခဲ့တဲ့ သတင်းထောက်တွေနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတို့ရဲ့ အင်တာဗျူးထဲကနေ သတင်းလွတ်လပ်စွာ ရယူနိုင်မှု အခြေအနေတွေကို ကောက်နုတ် ဖော်ပြပါမယ်။

“သတင်းယူတဲ့အခါမှာ ၉ဝ ရာခိုင်နှုန်းလောက် အထိ လွတ်လပ်ပွင့်လင်းစွာ ယူနိုင်တယ်။ သွားနိုင်တယ်။ ကျန်တဲ့ ၁ဝ ရာခိုင်နှုန်း ဆိုတာကတော့ ကိုယ့်ရဲ့ လုံခြုံရေးပေါ့။ ကိုယ့်အနေနဲ့က ရွာတွေအတွင်းထဲ သတ္တိရှိရှိ ဝင်ဖို့က မရဲဘူး” လို့ မြန်မာအင်တာနေရှင်နယ် တီဗီက သတင်းထောက် ဒေါ်ကြူကြူသင်း က ပြောပါတယ်။

ဧရာဝတီသတင်းဌာနက အကြီးတန်း သတင်းထောက် ဦးထက်နိုင်ဇော်ကတော့ “ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာမှာ သတင်းရယူတဲ့အချိန် တာဝန်ရှိသူတွေရဲ့ စောင့်ကြည့်မှုကြောင့် အခက်အခဲ အနည်းငယ် ရှိခဲ့ပါတယ်။ မောင်တောမှာတော့ သတင်းကို လွတ်လွတ်လပ်လပ် ရယူခွင့်ရှိခဲ့ပါတယ်။ ကိုယ်မေးချင်တဲ့ မေးခွန်းတွေနဲ့ ကိုယ်တွေ့ချင်တဲ့ အဖွဲ့အစည်းတွေကို လွတ်လပ်စွာ တွေ့ခွင့်ရပါတယ်။ အဲ့ဒီလို တွေ့ခွင့်ရအောင်လည်း ပြန်ကြား ရေးဝန်ကြီးဌာနက စီစဉ်ပေးပါတယ်” လို့ ဆိုပါတယ်။

“ရခိုင်ခရီးနဲ့ပတ်သက်ပြီး ဒီဇင်ဘာတုန်းကလည်း ကျွန်တော် တစ်ခေါက် သွားခဲ့ရပါတယ်။ အခုတစ်ခေါက် ထပ်ရောက်လာတဲ့ အခါမှာ သတင်းယူရတာ ပိုမိုပြီး လွတ်လပ်လာပါတယ်။ ခရီးစဉ် တစ်လျှောက် ကိုယ်စိတ်ဝင်စားတဲ့နေရာမှာ မော်တော်ယာဉ်ကို ရပ်ခိုင်းပြီး သတင်းယူလို့ရတယ်။ ဒီတစ်ခေါက် ပြည့်ပြည့်စုံစုံနဲ့ တော်တော်လေးကို စီစဉ်ပေးပါတယ်။ စိတ်ကြိုက် အင်တာဗျူး လုပ်ခွင့်ရတယ်” တီဗီအဆာဟိက ဦးဟန်ထွေးအောင်ကလည်း ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်းက သတင်းထောက် ဦးအောင်သူရ “လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်တော်တို့ ဘူးသီးတောင်မှာ သတင်းရယူတဲ့အခါ အစိုးရဘက်က သူတွေက ကျွန်တော်တို့ မေးတဲ့အနားမှာ လာနေနေတော့ အဆင်မပြေဘူး။ ဒုတိယရက် မောင်တော ခရီးစဉ်က စပြီးတော့ အဆင်ပြေတယ်။ လွတ်လွတ်လပ်လပ် သတင်းရယူခွင့် ပေးတယ်။ ကျေးရွာတွေကို သွားလို့ရတယ်။ မေးမြန်းလို့ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေကလည်း အနားမှာမနေဘဲ ခပ်ဝေးဝေးကပဲ နေပေးတော့ တော်တော်လေးကို အဆင်ပြေပါတယ်” လို့ ဆိုပါတယ်။

European Press-Photo Agency (EPA) က ဓာတ်ပုံ သတင်းထောက်ချုပ် ဦးငြိမ်းချမ်းနိုင်ကတော့ နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း ဒီလို လေ့လာခွင့်ပေးရင် အမြင်ရှင်းသွားမယ်လို့ အကြံပြုထားပါတယ်။

သူက “ကျွန်တော်တို့ထက် အားကြီးသော မီဒီယာကြီးတွေ ရှိတယ်။ အဲ့ဒီ သတင်း မီဒီယာက ပုဂ္ဂိုလ်တွေ နိုင်ငံခြားသားဖြစ်မယ် ဆိုပါတော့။ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ သူတို့တွေကိုလည်း ဖိတ်ပြီးတော့ ကျွန်တော်တို့ သွားခဲ့သလိုပဲ လုပ်ပေးသင့်တယ်။ ကျွန်တော်တို့ အခုသွားသလိုပဲ ဒီပုံစံအတိုင်း သွားရောက်ရင် ပြဿနာမဖြစ်ဘူးလို့ မြင်တယ်” လို့ ဆိုပါတယ်။

သွားရောက် သတင်းယူခဲ့တဲ့ သတင်းဌာနတွေကတော့ ဘီဘီစီ၊ ဗွီအိုအေ၊ အီးပီအေ၊ တီဗီအဆာဟိ၊ နိပွန်တီဗီ၊ ဖူဂျီတီဗီ၊ စင်ထရယ်နယူးဗျူရို၊ ဖရန်တီးယား မြန်မာ၊ ဧရာဝတီ၊ မြဝတီ၊ မြန်မာ့အသံနံ့ ရုပ်မြင်သံကြား၊ မြန်မာအင်တာနေရှင်နယ်တီဗွီ၊ မြန်မာ့သတင်းစဉ်၊ မြန်မာ့အလင်းနှင့် ကြေးမုံတို့ ဖြစ်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)