အရှေ့ပိုင်းခရိုင်အတွင်း သက်သေခံ မဲလက်မှတ် ပိုထုတ်ပေးခြင်းမရှိဟုဆို

0
333

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်အတွင်း သက်သေခံမဲလက်မှတ်တွေ ပိုထုတ်ပေးတာမျိုး မရှိဘူးလို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက MCN သတင်းဌာနကို ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၃ ရက်ထုတ် ပြည်တွင်း ပုဂ္ဂလိက သတင်းစာတစ်စောင်ရဲ့ မျက်နှာဖုံးပါ ခေါင်းကြီးနဲ့အတူ ပူးတွဲဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံအပေါ် အရှေ့ပိုင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပြောကြားလိုက်တာပါ။

UEC & JOURNAL_01

“သုံးထားတဲ့ သတင်းဓာတ်ပုံက အရှေ့ပိုင်းခရိုင်က ပုံဖြစ်ပေမယ့် အဲ့လို ဖြစ်စဉ်မျိုး ကျွန်တော်တို့ ခရိုင် ထဲမှာ မရှိခဲ့ပါဘူး။ အဲ့ဒီ သတင်းဆောင်းပါးမှာလည်း အမှန်တကယ် ဖော်ပြထားတာက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်ထဲက လှိုင် သာယာမြို့နယ်ထဲက ဖြစ်စဉ်ကို ဖော်ပြထားတာပါ။”

လှိုင်သာယာမြို့နယ်ထဲ သက်သေခံ မဲလက်မှတ်တွေ ထုတ်ပေးရာမှာ တစ်စောင်ထက်ပို ထုတ်ပေး နေတာနဲ့ ပတ်သက်လို့ အဲဒီသတင်းစာက ကွင်းဆင်းရေးသား ဖော်ပြခဲ့ပါတယ်။

ဒီဖော်ပြမှုမှာ အတွင်းစာသားနဲ့ ပုံတွေဟာ မှန်ကန်ခဲ့ပေမယ့် မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံနဲ့ အညွှန်းစာဟာ အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ်က မဲဆန္ဒရှင်တစ်ဦးရဲ့ သက်သေခံမဲလက်မှတ်နဲ့ ဖော်ပြခဲ့တာဖြစ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းချက် ထုတ်ခိုင်းခဲ့တာပါ။

ဖြေရှင်းချက် ထုတ်မပေးဘူးဆိုရင် ခရိုင်အနေနဲ့ တရားစွဲဆိုဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကညွှန်ကြားခဲ့ပေမယ့် ခရိုင်ကော်မရှင်ရဲ့ ညှိနှိုင်းပေးမှုကြောင့် တရားစွဲဆိုဖို့ မရှိတော့ဘူးလို့လည်း ခရိုင်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ထဲမှာ မဲရုံပေါင်း ၁၆၈၆ ရုံနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၅ သိန်း ၂ သောင်းခန့် ရှိနေပြီး နိုင်ငံရေးပါတီပေါင်း ၂၂ ခုက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။

မော့ဂျေ (ရန်ကုန်။ ၃ နိုဝင်ဘာ ၂၀၁၅)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)