၇ တန်ကျော်ရှိ ကျောက်စိမ်းတုံးကြီး တူးဖော်တွေ့ရှိသူ ငါးဦး အမှုဖွင့်ခံရ

0
279

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းအရိုင်းတုံးကြီး တစ်တုံးကို ရဲလုံခြုံရေးများက တားဆီးတဲ့ကြားကနေ ရွှေ့ယူသွားတဲ့ ရေမဆေးကျောက် ရှာဖွေသူ ၅ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပါတယ်။

အလေးချိန် ၇ တန်ကျော် ရှိတဲ့ ဒီကျောက်စိမ်း အရိုင်းတုံးကြီးကို ဧပြီလ ၂၆ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်ကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး တောက်ပကြယ် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ၊ ငွေဆင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ လုပ်ကွက် အမှတ် (၂) အတွင်း ရေမဆေးကျောက် ရှာဖွေသူ ၅ ဦးက တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကျောက်စိမ်း အရိုင်းတုံးကြီးကို တခြား ရေမဆေးကျောက် ရှာဖွေသူ တစ်သောင်းကျာ် အကူအညီနဲ့ ရဲလုံခြုံရေးများ တားဆီးနေတဲ့ကြားကနေ မှော်ပုံကျေးရွာကို သယ်ဆောင်သွားခဲ့ကြပါတယ်။

မှော်ပုံကျေးရွာ စာသင်ကျောင်းအတွင်း ကျောက်စိမ်းတုံးကြီး ရောက်ရှိချိန်မှာ ဖားကန့်အခြေစိုက် ရဲတပ်ဖွဲ့ဝင်များက ကျောက်စိမ်းတုံးကြီးကို နိုင်ငံတော်ပိုင် လုပ်ကွက်အတွင်းမှ ဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ မရောင်းချဖို့ တားမြစ်ခဲ့ပြီး လုံခြုံရေးယူကာ စောင့်ကြပ်ခဲ့ပါတယ်။

ဧပြီလ ၂၈ ရက်နေ့မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းပေးချက်အရ တောက်ပကြယ် ကုမ္ပဏီက ငွေကျပ် သိန်း ၁၃၀၀ ကို ရေးမဆေးကျောက် ရှာဖွေသူ ၅ ဦးနဲ့ လိုက်ပါကူညီသူ ဂျော်ကီ အယောက် ၁ သောင်းတို့ကို ဂရုဏာကြေးအဖြစ် ပေးခဲ့ပါတယ်။ ကျောက်စိမ်းတုံးကို တွေ့ရှိသူ ၅ ဦးကို သိန်း ၃၀၀ နဲ့ ဂျော်ကီများကို တစ်ဦးလျှင် ငွေ ၁ သောင်းစီနဲ့ ပြေလည်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၂၉ ရက်နေ့မှာ ကျောက်စိမ်းတုံးကြီးကို ပြည်နယ်အစိုးရ အစီအစဉ်နဲ့ မြစ်ကြီးနားမြို့သို့ လုံခြုံရေး တင်းကြပ်စွာနဲ့ သယ်ဆောင်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ရေမဆေးကျောက်ရှာဖွေသူ ငါးဦးကို တားမြစ်တဲ့ကြားက ကျောက်စိမ်းတုံးကြီးကို ပြောင်းရွှေ့မှုကြောင့် ရာဇသတ်ကြီး ပုဒ်မ ၃၈၂ နဲ့ အမှုဖွင့်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)