လျှပ်စစ်မီတာခ ၃ ဆ တိုးမြှင့်ကောက်မယ့်သတင်း မှန်ကန်မှု မရှိဟုဆို

0
257

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာခ ၃ ဆ တိုးမြှင့် ကောက်ခံမယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားဝင် ပြောကြားလိုက်ပါတယ်။

မတ်လ ၃ ရက်နေ့UMFCCI မင်္ဂလာခန်းမမှာ ကျင်းပနေတဲ့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီး လျှပ်​စစ်​၊စက်မှုလက်​မှုနှင့် ​လမ်းပမ်း ဆက်​သွယ်​​ရေး ဝန်​ကြီးဒေါ်နီလာကျော်က ပြောကြားလိုက်တာပါ။

မတ်လ ၂ ရက်နေ့က ရုပ်သံ မီဒီယာတစ်ခုက ဧပြီလဆန်းပိုင်းက စတင်ပြီး မီတာခ ၃ ဆ တိုးကောက်မယ်ပြီး သတင်းရေးသားဖော်ပြခဲ့တဲ့အပေါ် မှန်ကန်မှု မရှိဘူးလို့ ၀န်ကြီးက ပြောကြားလိုက်တာဖြစ်ပါတယ်။

“မနေ့ကလည်း အဲ့ဒီသတင်းကြောင့် တစ်ချိန်လုံး ဖြေရှင်းနေရပါတယ်။ အဲ့ဒီသတင်းက မမှန်ကန်ပါဘူး။ မီတာခက တိုးချင်တိုင်း တိုးလို့ရတာမှမဟုတ်တာ။ ဝန်ကြီးချုပ်ကလည်း မီတာခ ၃ ဆ တိုးကောက်မယ်လို့ လုံးဝ မပြောထားဘဲ ဘယ်ကဘယ်လိုရတဲ့ သတင်းတွေ မှန်းမသိပေမဲ့ အဲ့ဒီသတင်းက မမှန်ကန်ပါဘူး။” လို့ ဝန်ကြီးကပြောခဲ့တာပါ။

ဒါအပြင် ဒေါ်နီလာကျော်က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း “မီတာခ ​​တွေ ၃ ဆ တိုး​ကောက်​မယ်​ ဆိုတာ အိမ်​သုံး မီတာ​တွေ မဟုတ်​ပါဘူး။  စက်​ရုံကြီး​တွေနဲ့ စက်​မှုဇုံတွေကို တိုး​ကောက်​ဖို့ စဉ်းစား​နေတုန်းပဲ ရှိပါတယ်​။
မီတာခ တိုး​ကောက်​တယ်​ ဆိုတာ လွယ်​တဲ့အလုပ်​ မဟုတ်​ပါဘူး။ ပြည်​သူ​လူထု​တွေ စီးပွား​ရေး ကျဆင်း​နေတဲ့ အချိန်​မှာ မီတာခ တက်​လို့ မရပါဘူး။” လို့ ပြောကြားထားပါတယ်။

မူရင်းသတင်းဖော်ပြမှုထဲမှာတော့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ NLD ပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တဲ့အကြောင်း ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။

အဲ့ဒီ ဖော်ပြချက်ထဲမှာတော့ အရှုံးပေါ်နေတဲ့အတွက် တိုးကောက်မှာ ဖြစ်ပါကြောင်းနဲ့ ပြည်ထောင်စုအစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်ခဲ့ပေမယ့် အခုတော့ တိုင်းအစိုးရအဖွဲ့ အစီအစဉ်နဲ့ပဲ ဖြေရှင်း လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့လည်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)