ဇမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်လို

0
333

ကဏ္ဍမျိုးစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဇမ်ဘီယာနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ပြန်လည် ထူထောင်လိုတယ်လို့ အိန္ဒိယဆိုင်ရာ ဇမ်ဘီယာ အဆင့်မြင့် ကော်မရှင်နာ မစ္စက် ဂျူးဒစ် ကာပီဂျမ်ပန်ဂါက ပြောဆိုလိုက်ပါတယ်။

ဇမ်ဘီယာ တက္ကသိုလ်မှာ ဥပဒေသင်တန်း တက်ရောက်တာမျိုး စတဲ့ ပညာရေး ကဏ္ဍတွေလိုမျိုးမှာ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊ ကျောင်းဆရာ၊ ဆရာမတွေကို အင်္ဂလိပ်စာသင်တန်း ပို့ချပေးရာမှာလည်း ဇမ်ဘီယာက ကူညီလိုကြောင်း သူမက ပြောပါတယ်။

အိန္ဒိယဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဝေနဲ့ နယူးဒေလီမှာ တွေ့ဆုံဆွေးနွေးစဉ် မစ္စက် ဂျူးဒစ် ကာပီဂျမ်ပန်ဂါက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်တုန်း ဂျပန် ကျူးကျော်သူတွေကို မြန်မာပြည်ကနေ ပြန်တိုက်ထုတ်စဉ်က ဇမ်ဘီယာ စစ်သားတွေဟာ ဗြိတိသျှ တပ်တွေနဲ့အတူ ရခိုင်၊ ကလေးဝ၊ ချင်းတွင်းတို့မှာ ၁၉၄၄ တုန်းက လာရောက် တိုက်ခိုက်ခဲ့ကြဖူးပါတယ်။

ဇမ်ဘီယာနိုင်ငံဟာ တောင်အာဖရိကမှာ ရှိတဲ့ ကုန်းတွင်းပိတ် နိုင်ငံတစ်ခု ဖြစ်ပြီး မြို့တော်က လူဆာကာ ဖြစ်ပါတယ်။ အရင်က ဗြိတိသျှ ကိုလိုနီနိုင်ငံ ဖြစ်ခဲ့ဖူးပြီး ရုံးသုံး ဘာသာစကားက အင်္ဂလိပ်စာ ဖြစ်ပါတယ်။ လူဦးရေ ၁၆ သန်းရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)