Total ရေနံကုမ္ပဏီ ပတ္တမြားကမ်းလွန်သဘာဝ ဓါတ်ငွေ့ လုပ်ကွက်သစ် ထုတ်လုပ်မှုစတင်

0
290

ပြင်သစ်နိုင်ငံ အခြေစိုက် ရေနံကုမ္ပဏီတစ်ခုဖြစ်တဲ့ Total ကုမ္ပဏီက မြန်မာနိုင်ငံမှာ ကမ်းလွန် သဘာဝ ဓါတ်ငွေ့လုပ်ကွက်တစ်ခုရဲ့ ထုတ်လုပ်မှုကို စတင်လိုက်တဲ့အကြောင်း ဒီနေ့ မေလ ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၈ ဘီလီယံလောက် ထုတ်လုပ်နိုင်တဲ့ ရတနာစီမံကိန်းရဲ့ လက်အောက်က  ပတ္တမြား ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းကို ၂၀၁၇ ခုနှစ် အတွက် ဒုတိယခြေလှမ်းဖြစ် Total ကုမ္ပဏီက စတင်အကောင် အထည်ဖော်လိုက်တာပါ။

 

“ဒီစီမံကိန်းကို ခန့်မှန်း ကုန်ကျစရိတ်ငွေထက် ၂၀% လျှော့ချပြီး အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့တာက မိမိတို့လုပ်ငန်းရဲ့ စားရိတ်လျော့ချရေး အစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရာ ရောက်တယ်” လို့ တူးဖော်ရေး နဲ့ ထုတ်လုပ်မှုဆိုင်ရာ အကြီးအကဲ Arnaud Breuillac ကပြောကြားထားပါတယ်။

 

ဒါအပြင် “ဒီစီမံကိန်းက Total ရဲ့ မြန်မာ၊ ထိုင်း နှစ်နိုင်ငံအတွက် ဈေးနှုန်းသင့်တင့်ပြီး စိတ်ချရတဲ့ စွမ်းအင် ထုတ်လုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ သဘာဝဓါတ်ငွေ့စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်မှုကို အလေးပေး ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲ့ဒီကနေ တစ်ဆင့် နောင်လာမယ့် နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။” လို့လည်း သူက ပြောပါတယ်။

 

Total ကမ္ပဏီက အဲ့ဒီစီမံကိန်းရဲ့  လုပ်ငန်းလည်ပတ်မှုနဲ့ အစုရှယ်ယာ ၃၁.၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး အမေရိကန် Chevron-Unocal က ၂၈.၃ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ အခြေစိုက် PTTEP က ၂၅.၅ ရာခိုင်နှုန်းနဲ့ နိုင်ငံပိုင် မြန်မာ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE က ၁၅ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြတာပါ။

 

အဲ့ဒီ ပတ္တမြား ကမ်းလွန်သဘာဝဓာတ်ငွေ့ စီမံကိန်းဟာ ရန်ကုန်မြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၂၂၀ ခန့် အကွာ အဝေးမှာ တည်ရှိပြီး ရေနံတွင်းတူးစင် အသစ်တပ်ဆင်တာနဲ့ တွင်းအသစ် (၄) တွင်း တူးဖော်တဲ့ လုပ်ငန်းတွေကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)