ကျိန်စာသင့်နေလို့ ဖြေမရဘူးဆိုသူကို ရဲစခန်းက ရိုက်နှက်စစ်ဆေးလို့ လက်လွန်ပြီး သေဆုံး

0
397

ရွှေကျင်မြို့နယ်၊ ဘောကထာနယ်မြေရဲစခန်းမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကို ရဲစခန်းက ရိုက်နှက်စစ်ဆေးခဲ့ရာမှာ လက်လွန်ပြီး သေဆုံးခဲ့ပါတယ်။

အဲဒီအမျိုးသားကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်က ဘောကထာ နယ်မြေရဲစခန်းအပိုင် မဘီးကြီးကျေးရွာအုပ်စုမှာ မသင်္ကာဖွယ်သွားလာနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက တိုင်ကြားခဲ့တာကြောင့် ရဲ ဒုတပ်ကြပ် စိုင်းအောင်သိုက်၊ ရဲတပ်သား ချမ်းပြည့်၊ ရဲတပ်သား ကျော်သူအောင်တို့က သွားရောက် ခေါ်ယူခဲ့တာပါ။

15841170_1720249571637074_498025215_n

အဲဒီနောက် စခန်းမှာ ဝိုင်းဝန်းစစ်ဆေးမေးမြန်းရာမှာ အဲဒီအမျိုးသားက နေရပ်လိပ်စာ အမျိုးမျိုး လွှဲဖြေခဲ့သလို ကျိန်စာသင့်နေတာကြောင့် ဖြေလို့မရဘူးလို့လည်း ဖြေခဲ့တာကြောင့် ရဲစခန်းမှူး ရဲအုပ် လင်းထက်မောင်၊ ရဲတပ်ကြပ်ကြီး သန်းထိုက်၊ ရဲ ဒုတပ်ကြပ် စိုင်းအောင်သိုက်၊ ရဲ ဒုတပ်ကြပ် သန်းနိုင်၊ ရဲဒုတပ်ကြပ် စိုးသိန်းဦး၊ ရဲတပ်သား ချမ်းပြည့်၊ ရဲတပ်သား ပြည့်စုံအောင်၊ ရဲတပ်သား စောထူးအောင်၊ ရဲတပ်သား ကျော်သူအောင်၊ ရဲတပ်သား ဇော်မျိုးလွင်တို့က အလှည့်ကျ စစ်ဆေးရာမှာ စိတ်မရှည်ဘဲ ဒေါသအလျောက် ထိုးကြိတ် ရိုက်နှက်ခဲ့တဲ့အတွက် စစ်ဆေးခံရသူဟာ ဒဏ်ရာတွေနဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၂ နာရီအချိန်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

15820464_1720249544970410_796182811_n

သေဆုံးသူရဲ့အလောင်းကို ရဲအုပ် လင်းထက်မောင်က ရဲဒုတပ်ကြပ် စိုးသိန်းဦးနဲ့ ရဲတပ်သား ကျော်သူအောင်တို့ကို ဘောကထာကျေးရွာ၊ လမ်းဘေးရေမြောင်းမှာ သွားစွန့်ပစ်ဖို့ ခိုင်းခဲ့တယ်လို့ ရဲမှတ်တမ်းတွေမှာ ပါရှိပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ အဲဒီအမျိုးသားရဲ့အလောင်းကို ဒေသခံတွေရဲ့ သတင်းပေးချက်အရ လမ်းဘေးမှတွေ့ရှိတယ်ဆိုပြီး ဘောကထာနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၆)နဲ့ ကနဦးအမှုဖွင့်ခဲ့ပါသေးတယ်။

asdas

ဒါပေမဲ့ အဲဒီအမှုကို ရွှေကျင်မြို့မ ရဲစခန်းမှူး၊ ဒုရဲမှူး သန်းထွန်းကို လွှဲပြောင်းပြီး ရဲမှတ်တမ်းတွေကို စစ်ဆေးခဲ့ရာတော့ ဘောကထာနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ရဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် အဲဒီ မသင်္ကာဖွယ် အမျိုးသား သေဆုံးခဲ့တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄/၂၀၁ နဲ့ ပြောင်းလဲအမှုဖွင့်ပြီး ဘောကထာနယ်မြေရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၀ဦးကို ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ဖမ်းဆီးကာချုပ်မိန့် ရီမန်ယူပြီး စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘောကထာကျေးရွာသားတစ်ဦးကတော့ “ကျွန်တော်တို့သိသလောက်က အဲလူကလည်း လမ်းဘေးမှာ ယောင်တောင်ပေါင်တောင်နဲ့ဧည့်သည်သဘောမျိုးဖြစ်နေတယ်။ နံပါတ်တစ် အချက်က ရွာထဲမှာဒီလူကိုမသင်္ကာလို့ရွာသားတွေက ဖမ်းပြီးတော့ အုပ်ချုပ်ရေးမှူးလက်ထဲကိုထည့်လိုက်တယ်။ နံပါတ် နှစ်အချက် အုပ်ချုပ်ရေးက တစ်ခါ ရဲလက်ထဲကို ထည့်လိုက်တယ်။ ရဲလက်ထဲကနေ တစ်ခြားဘယ်ကိုမှ ပြန်မပို့ဘူး၊နောက်နေ့မနက်ကျတော့ အဲဒီလူကလမ်းဘေးမှာသေနေတာတွေ့တာပဲ။ ညပိုင်းကျတော့ ဆေးရုံကဆေးစာတောင်းတယ်။ ဆေးစာတောင်းတော့ သေဆုံးသူက လေးထောင့်ကျတဲ့အရာမျိုးနဲ့ရိုက်တာမဟုတ်ဘဲ ၀ါးရင်းတုတ်သော်လည်းကောင်း၊ နံပါတ်တုတ်သော်လည်းကောင်း အဲလိုတုတ်မျိုးနဲ့ရိုက်တာတွေ့ရတယ်တဲ့။ မျက်နှာမှာလည်း ဒဏ်ရာရှိတယ်၊ခြေသလုံးမှာလည်း ကျိတ်ထားတာတွေ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

မင်းမနိုင်(စစ်တောင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)