လက်ပံတောင်းတောင် ပစ်ခတ်မှု ကိစ္စ ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

0
304

စစ်ကိုင်းတိုင်း၊ ယင်းမာပင် ခရိုင်၊ ဆားလင်းကြီး မြို့နယ်လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေမှာ ဆန္ဒပြသူတွေကို အင်အားသုံး ဖြေရှင်းခဲ့တာနဲ့ ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတို့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့မှာ ပြုလုပ်တဲ့ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ဆားလင်းကြီးမြို့ တောင်ဘက်၊ မြို့ပြင်မြေယာက ကျောက်တွေကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ဆဲလ်လိုင်းတွေရဲ့ အောက်ခံကျောက်တွေ အဖြစ် အသုံးပြုဖို့ ဝမ်ပေါင် ကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စာချုပ် ချုပ်ထားလို့ ပုသိမ်-မုံရွာ ကားလမ်းက တစ်ဆင့် သယ်ယူပို့ဆောင်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ သယ်ယူနေမှုကို မိုးကြိုးပြင် အလယ်၊ မြောက်နဲ့ တောင် ကျေးရွာက ဒေသခံတွေက မတ်လ ၂၄ ရက်နေ့မှာ ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းနဲ့ ဆားလင်းကြီး ရဲမှူး ဌေးဝင်းတို့ အဆိုအရ ဒေသခံတွေက လေးခွနဲ့ စတင်ပစ်ခတ်လို့ ရဲတပ်ဖွဲ့က ရော်ဘာကျည်နဲ့ ခြောက်လှန့် ပစ်ခတ်တာလို့ ပြောပါတယ်။

မတ်လ ၂၅ ရက်နေ့ ဖြစ်စဉ်မှာတော့ တာဝန်ယူရှိတွေရဲ့ ခွင့်ပြုချက် မရရှိဘဲ ကျောင်းကားတွေက သယ်ယူကြတာ ဖြစ်ပြီး နောက်ထပ် ပဋိပက္ခဖြစ်တာလို့ ဆိုပါတယ်။ အဲဒီအခါမှာလည်း ဒေသခံတွေက စတင်ပစ်ခတ်ပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆားလင်းကြီးမှာ တားမြစ်မိန့် ထုတ်ပြန်ထားပြီး အဲဒီအထဲမှာ အမိန့်မရှိဘဲ လမ်းပေါ်မှာ ဆူပူလှုံဆော်ဖို့ ရည်ရွယ်ချက်နဲ့ ငါးဦးထက်ပိုပြီး စုဝေးတာ၊ တုတ်ဓားလက်နက် ကိုင်ဆောင်တာ မလုပ်ရ၊ ပုသိမ်-မုံရွာ ကားလမ်းတလျှောက် လမ်းပိတ်ဆို့ခြင်း မလုပ်ရ၊ လုံခြုံရေး တာဝန်ယူထားသူတွေကို နှောက်ယှက် ဟန့်တားခြင်း မပြုရတို့ ပါဝင်ပါတယ်။

မလိုက်နာပါက အင်အားသုံးဖမ်းဆီးမှာ ဖြစ်ပြီး ထိရောက်စွာ အရေးယူမယ်လို့ ဆားလင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)