လိပ်ကျွန်းအမှု သေဒဏ် အယူခံ ပယ်ချခံရ

0
408

ထိုင်းနိုင်ငံမှာ ဗြိတိသျှ စုံတွဲတစ်တွဲကို သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့ အယူခံကို အယူခံတရားရုံးက ပယ်ချလိုက်ပြီး သေဒဏ်ကိုပဲ ဆက်လက် အတည်ပြုလိုက်ပါတယ်။ အဲဒီလို အယူခံပယ်ချတာကိုလည်း တရားခံရှေ့နေတွေကို အကြောင်းကြားခြင်း မရှိဘူးလို့ ထိုင်းသတင်းများက ဖော်ပြနေကြပါတယ်။

ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်တဲ့ မောင်ဇော်လင်းနဲ့ မောင်ဝေဖြိုးရဲ့ အမှုကို အမှုမှန် ပေါ်ပေါက်ရေးအတွက် လိုက်လံ ဆောင်ရွက်ပေးနေတဲ့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်ရဲ့ဥက္ကဋ္ဌ ဦးစိန်ဌေးက အခုလို ပြောဆိုခဲ့ပါတယ်။
“အယူခံတရားရုံးဟာ စာရွက်စာတမ်းတွေ အကုန်မဖတ်ဘဲ စီရင်ချက် မြန်မြန်ချလိုက်တယ်၊ ပြီးတော့ စီရင်ချက် ချတဲ့အခါမှာလည်း တရားခံရဲ့ ရှေ့နေတွေကိုလုံးဝ အသိမပေးဘဲ လုပ်သွားတယ်။ ထိုင်းသတင်းတွေမှာ ပါလာတော့မှ ရှေ့နေတွေက သိရတာပါ” လို့ ဦးစိန်ဌေးက ပြောပါတယ်။

အဆိုပါအမှုအတွက် ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ တရားလွှတ်တော်ချုပ်ဆီကို အယူခံဝင်ဖို့ မြန်မာလူငယ်နှစ်ဦးရဲ့ ရှေ့နေတွေက လုပ်ဆောင်နေကြောင်းလည်း သိရှိရပါတယ်။
“တကယ်တော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံသာမက ကမ္ဘာကပါ စိတ်ဝင်စားနေတဲ့ အမှုကို ပြီးစလွယ် လုပ်ချလိုက်တယ်လို့ပဲ ဆိုချင်တယ်။ မြန်မာအစိုးရနဲ့ ပြည်သူကို လုံးဝထည့်မတွက်ဘဲ လုပ်ချလိုက်သလိုပဲ ခံစားရတယ်” လို့ အယူခံတရားရုံးက စီရင်ချက်ချမှုအပေါ် ဦးစိန်ဌေးက မှတ်ချက်ပေးပါတယ်။

အဆိုပါအမှုကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ကော့စမွေရှိ အောက်ခြေတရားရုံးက သေဒဏ် စတင်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ (၂၄ နှစ်) နဲ့ ဟာနာဝှစ်သာရိုက် (၂၃နှစ်) တို့နှစ်ဦးကို သတ်ဖြတ်တယ်ဆို စွပ်စွဲမှုနဲ့ မြန်မာနိုင်ငံက မောင်ဇော်လင်းနဲ့ မောင်ဝေဖြိုးတို့နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအမှုဟာ ၂၀၁၄ခု နှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ကနဦးမှာ မောင်ဇော်လင်းနဲ့ မောင်ဝေဖြိုးတို့က ကျုးလွန်ကြောင်း ၀န်ခံခဲ့ကြပေမယ့် နောက်ပိုင်းမှာ ညှဉ်းပန်းနှိမ်စက်မှုကြောင့် အဲဒီလို ၀န်ခံခဲ့ရတာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

စစ်ဆေးမှုမှာ မစ္စ ဟာနာဟာလည်း အဓမ္မအကျင့်ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် အငြင်းပွားဖွယ်ရာ DNA စစ်ဆေးတွေ့ရှိချက်တွေ ရှိနေတာကြောင့် အဆိုပါ မြန်မာလူငယ်နှစ်ဦးရဲ့ အမှုကို အယူခံဝင်ခဲ့ပေမယ့် အယူခံတရားရုံးမှာလည်း ရှုံးနိမ့်ပြီး အခုလို သေဒဏ် အတည်ပြုခံလိုက်ရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)