အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုနဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ တိုးပွားနေ

0
253

အင်ဒိုနီးရှားနိုင်ငံမှာ အုပ်စုဖွဲ့မုဒိန်းကျင့်မှုနဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ တိုးပွားနေပြီး အုပ်စုဖွဲ့မုဒိန်းကျင့်မှုက တစ်နှစ်အတွင်း နှစ်ဆနီးပါးတိုး ပွားလာနေပါတယ်။

သက်သေနဲ့ ကျုးလွန်ခံရသူကာကွယ်ရေးအေဂျင်စီ (LPSK) ရဲ့ဖော်ပြချက်အရ ၂၀၁၅ခုနှစ်မှာ အုပ်စုဖွဲ့မုဒိန်းကျင့်မှု ၄၄မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါပြစ်မှုအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်မှာ ၈၂မှုအထိ တိုးပွားလာခဲ့ပါတယ်။

၂၀၁၇ခုနှစ်အစောပိုင်းမှာ အုပ်စုဖွဲ့မုဒိန်းကျင့်မှု ၂၆မှုဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှားသတင်းစာတစ်စောင်ဖြစ်တဲ့ Jakarta Globe က ဖော်ပြခဲ့ပါတယ်။ အဆိုပါ အမှုတွေထဲက သုံးမှုမှာ ကျုးလွန်ခံရတဲ့အမျိုးသမီးတွေ သေဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မေလအတွင်းက အသက် ၁၄နှစ်ကျောင်းသူကို ယောင်္ကျား ၁၄ဦးနဲ့ ကောင်လေးတွေပါဝင်တဲ့အုပ်စုက မုဒိန်းကျင့်မှုပေါ်ပေါက်ခဲ့ပြီး အင်ဒိုနီးရှားတစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့ရပါတယ်။

အဆိုပါကျောင်းသူလေး ယုယန်ဟာ ကျောင်းကနေ အိမ်ကိုအပြန်ခရီးမှာ အနီးနားက တောစပ်ဆီ ဆွဲခေါ်ခံခဲ့ရပြီး အရက်သေစာသောက်စားထားတဲ့ အုပ်စု တစ်စုက အကြိမ်ကြိမ်အဓမ္မကျင့်တာကို ခံခဲ့ပါတယ်။

သူမရဲ့အညိုအမဲစွဲအောင် ရိုက်နှက်ခံထားရတဲ့အလောင်းကို နောက်ထပ်သုံးရက်အကြာမှာ လက်နဲ့ခြေ ထောက်ကို ကြိုးတုပ်ရက်သား အာဏာပိုင်တွေက တွေ့ခဲ့ရပါတယ်။

တက်ကြွလှုပ်ရှားသူတွေက ဖွင့်ချပြောဆိုမှုမလုပ်ခင်အချိန်အထိ နိုင်ငံရဲ့မီဒီယာတွေက အဆိုပါအမှုကို လျစ်လျူရှုထားခဲ့ကြပါတယ်။

အင်ဒိုနီးရှားအမျိုးသမီး အဖွဲ့အစည်းရဲ့တောင်းဆိုမှုတွေ ပြင်းထန်လာခဲ့ပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ကာကွယ်ပေးဖို့ ပါလီမန်ပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှုအပြစ်ပေးတဲ့ဥပဒေကိုလည်း အားနည်းနေကြောင်း ဝေဖန်သူတွေက ထောက်ပြခဲ့ကြပါတယ်။

ယုယန်ကို ကျုးလွန်ခဲ့ရာမှာ ခေါင်းဆောင်ခဲ့တဲ့ အသက် ၂၃နှစ်ရွယ် ဇိန်းနဲလ်ကို စက်တင်ဘာလအတွင်းက သေဒဏ်ပေးခဲ့ပါတယ်။

အခြားသူတွေအားလုံးကို တော့ အားပေးကူညီသူတွေအနေနဲ့ သေဒဏ်မပေးဘဲထားခဲ့ပါတယ်။

တရားခံအများစုက ထောင်ဒဏ်အမြင့်ဆုံး ၁၀နှစ်ထက်ပိုပြီး အပြစ်ပေးမခံကြရကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)