မလေးရှားမှာ ကင်ဂျုံနန် အလောင်း သောင်တင်နေ

0
272

ပြီးခဲ့တဲ့လအတွင်းက မလေးရှားနိုင်ငံမှာ အသတ်ခံလိုက်ရတဲ့ ကင်ဂျုံနန်ရဲ့ အလောင်းဟာ ကွာလာလမ်ပူမြို့မှာပဲ ဆက်ရှိနေသေးကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီး ဆူဘရာမန်နီယမ်ဆာသာစီဗန်က ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ယခင်က သံတမန်ဆက်ဆံရေး အဆင်ပြေခဲ့တဲ့ နှစ်နိုင်ငံအကြားမှာ ကွာလာလမ်ပူ မြောက်ကိုရီးယားသံရုံးမှာ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ လူသတ်မှုနဲ့ ဆက်နွှယ်သူလို့ သံသယရှိသူ မြောက်ကိုရီးယား နိုင်ငံသား သုံးဦးနဲ့ ကင်ဂျုံနန်ရဲ့ ရုပ်အလောင်းတို့ဟာ ဖြေရှင်းရမယ့် သံတမန်အငြင်းပွားမှု ဖြစ်လာခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရက မလေးရှား ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုအပေါ် ဒေါသပေါက်ကွဲပြီး မလေးနိုင်ငံသားတွေကို နိုင်ငံတွင်းကနေ ထွက်ခွာခွင့် ပိတ်ပင်လိုက်လို့ ပြုံယမ်းမှာသောင်တင်နေတဲ့ မလေးရှားနိုင်ငံသားကိုးဦး ဘေးအန္တရာယ်ကင်း ရှင်းစွာနဲ့ ပြန်လည်လွတ်မြောက်လာရေးကို မလေးရှားအစိုးရက ကြိုးစားနေပါ တယ်။

မြောက်ကိုရီးယားရဲ့ပိတ်ပင်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ မလေးရှားအစိုးရကလည်း အပြန်အလှန်အားဖြင့် မြောက်ကိုရီးယား နိုင်ငံသားတွေကို ခရီးသွားလာ ခွင့် ပိတ်ပင်ခဲ့ပါတယ်။

မနေ့က မတ်လ ၂၇ ရက်နေ့မှာ သဘောတူညီချက် တချို့ရခဲ့တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပြီး ကင်ဂျုံနန်ရဲ့ရုပ်အလောင်းကိုလည်း ဆေးရုံကနေ နာရေး အခမ်းအနားလုပ်တဲ့ဆီကို သယ်ဆောင်သွားပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘေဂျင်းကို လေယာဉ်နဲ့သယ်ဆောင်သွားဖို့ ပြင်ဆင်နေ ကြောင်းလည်း သတင်းတွေ ဆက်လက် ထွက်ပေါ်ခဲ့ပါတယ်။

မလေးရှား မီဒီယာတွေကတော့ အဆိုပါအလောင်းကို ဘေဂျင်းကနေ မြောက်ကိုရီးယားကို ပြန်သယ်သွားဖွယ်ရှိကြောင်း အသေးစိတ်အချက်အလက်တွေကို မဖော်ပြဘဲ ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးကတော့ အခြေအနေတွေ မပြောင်းလဲသေးဘူးလို့ ပြောဆိုလိုက်တာကြောင့် ကင်ဂျုံနန်ရဲ့ အလောင်းဟာ မလေးရှားနိုင်ငံမှာ သောင်တင်နေဆဲလို့ ပြောရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)