လူမည်း အမျိုးသားတစ်ဦးကို လူဖြူ စစ်ပြန်တစ်ဦး ဓားနဲ့ထိုးသတ်

0
278

အမေရိကန်နိုင်ငံမှာ လူဖြူစစ်ပြန်တစ်ဦးဟာ လူမည်း အမျိုးသားတစ်ဦးကို သေတဲ့အထိ ဓားနဲ့ထိုးသတ်ခဲ့တာကြောင့် နယူးယောက် တရားရုံးတစ်ခုက အကြမ်း ဖက်တိုက်ခိုက်မှု အနေနဲ့ လူသတ်သမားကို အရေးယူလိုက်ပါတယ်။

ဂျိမ်းဟာရစ်ဂျက်ခ်ဆန် ၂၈ နှစ်ဟာ အသက် ၆၆ နှစ်အရွယ် တင်မိုသီကော့မန်းကို မတ်လ ၂၀ ရက်နေ့က ဓားနဲ့ထိုးသတ်ခဲ့ကြောင်း အစောပိုင်းမှာ ၀န်ခံခဲ့ပါတယ်။

ဒါကြောင့် သူ့ကို မုန်းတီးမှုအခြေခံတဲ့ ရာဇ၀တ်မှု ကျုးလွန်သူ အနေနဲ့ ပြစ်ဒဏ်ချမှတ်ပြီးသား ဖြစ်ပါတယ်။

လူမည်းတွေကို မုန်းတီးနေတာ နှစ်နဲ့ချီနေပြီလို့လည်း သူက ၀န်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာတော့ သူ့ရဲ့မုန်းတီးစိတ်တွေ ပေါက်ကွဲထွက်ခဲ့တာပဲ ဖြစ်ပါတယ်။

နယူးယောက်မြို့၊ မန်ဟတ်တန်ခရိုင်ရှေ့နေ ဆိုက်ရပ်စ်ဗန့်ရဲ့ ဖော်ပြချက်မှာ ဂျက်ခ်ဆန်ဟာ သုံးရက်တိုင်တိုင် သူ့ရဲ့သားကောင်ဖြစ်မယ့် လူမည်းတစ်ဦး ကို လမ်းပေါ်မှာ လိုက်ရှာနေခဲ့ပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ မန်ဟတ်တန် လူမှုအသိုင်းအ၀ိုင်းကို ဆန့်ကျင်တဲ့အပြင် ကျွန်တော်တို့ ယုံကြည် လက်ခံထားတဲ့ တန်ဖိုးတွေကို ဖျက်ဆီးတဲ့အနေနဲ့ အဲဒီသားကောင်ကို သတ်ဖြတ်လုပ်ကြံဖို့ပါပဲလို့ ပြောဆိုခဲ့ပါတယ်။

ဂျက်ခ်ဆန်ဟာ သူ့ရဲ့ဇာတိမြို့ဘာတီမိုးကနေပြီး ဘတ်စ်ကားနဲ့ နယူးယောက်ခ်မြို့ကို လာရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာ လမ်းပေါ်မှာဆုံတွေ့ခဲ့တဲ့ မစ္စတာကော့မန်းရဲ့ ရင်ဘတ်နဲ့ နောက်ကျောကို ဓားနဲ့ထိုးခဲ့တာဖြစ်ပါတယ်။ ဆေးရုံအရောက်မှာ မစ္စတာ ကော့မန်း သေဆုံးသွားခဲ့ပါတယ်။

တရားခံဟာ ရဲစခန်းထဲကို သူဘာသာ ၀င်ရောက်သွားခဲ့ပြီး အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။ ဂျိမ်းဟာရစ်ဂျက်ခ်ဆန်ဟာ အမေရိကန်ကြည်းတပ်မှာ ၂၀၀၉ ခုနှစ်၊ မတ်လကနေ ၂၀၁၂ ခုနှစ် သြဂုတ်လအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ထောက်လှမ်းရေး တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

၂၀၁၀-၁၁ ခုနှစ်တွေမှာ ဂျက်ခ်ဆန်ဟာ အာဖဂန်နစ္စတန်မှာ တာဝန် ကျထားခံခဲ့ရသူ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

မစ္စတာကော့မန်းရဲ့ မိတ်ဆွေတွေက သေဆုံးသူဟာ ကြင်နာတတ်တဲ့ အိမ်နီးနားချင်းကောင်း တစ်ဦးဖြစ်ကြောင်းနဲ့ အခုလိုမျိုး သေဆုံးရတာ မထိုက်တန်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဘယ်သူမှလည်း သူ့လိုမျိုး အသတ်မခံရသင့်ကြောင်းနဲ့ အသားအရောင် ကွဲပြားမှုဆိုတာ ရယ်စရာဖြစ်ပြီး အားလုံးအတူတကွ ယှဉ်တွဲနေထိုင်ဖို့ ကြိုးစားနေကြတာပါလို့လည်း မစ္စတာကော့မန်းရဲ့ အိမ်နီးချင်းတွေက ပြောဆိုသွားခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)