ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောကို တရုတ် ၀င့်ကြွားပြသ

0
272

ဒေသတွင်းတင်းမာမှုတွေ ပြင်းထန်လာချိန်မှာ စစ်ရေးအင်အားကို ထုတ်ဖော်ဝင့်ကြွားတဲ့အနေနဲ့ တရုတ်အစိုးရက လေယာဉ်တင် သင်္ဘောအသစ်ကို စတင်ရေချလိုက်ပြီဖြစ်ပါတယ်။

အဆိုပါသင်္ဘောဟာ လိုင်အာနင်သင်္ဘောပြီးရင် ဒုတိယမြောက် တရုတ်လေယာဉ် တင်သင်္ဘောဖြစ်ပြီး ပထမဆုံးအကြိမ် ပြည်တွင်းမှာ တည်ဆောက်ခဲ့တဲ့ သင်္ဘောပဲဖြစ်ပါတယ်။

အမည်မဖော်ပြခဲ့တဲ့ အဆိုပါလေယာဉ်တင် သင်္ဘောဟာ ဒါလိုင်ဆိပ်ကမ်းရဲ့အရှေ့မြောက်ပိုင်းကနေ စတင်ရေချခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်းကစပြီး အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စကား စစ်ထိုးပွဲတွေ ပြင်းထန်နေချိန်မှာ အဆိုပါသင်္ဘောကို စတင်ရေချခဲ့တာဖြစ်ပါတယ်။

အမေရိကန်က စစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတစ်စင်းကို ကိုရီးယားကျွန်းဆွယ်မှာ တပ်ဖြန့်ခဲ့တာကြောင့် မြောက်ကိုရီးယား အစိုးရက ဒေါသ ပေါက်ကွဲခဲ့ပါတယ်။ တရုတ်အစိုးရကတော့ တည်တည်ငြိမ်ငြိမ်ရှိဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

အခု တရုတ်သင်္ဘောဟာ ယခင်သင်္ဘော လိုင်အာနင်ကို သိသိသာသာကြီး အဆင့်မြှင့်တင်ထားတဲ့ပုံစံရှိနေပါတယ်။ ယခင်သင်္ဘောကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ကျော်က တည်ဆောက်ခဲ့တဲ့ ဆိုဗီယက်သင်္ဘော နည်းပညာဖြစ်ပြီး ယူကရိန်းနိုင်ငံကနေ ၀ယ်ယူခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရ သတင်းအေဂျင်စီ ဆင်ဟွာက အဆိုပါသင်္ဘောကို ၂၀၁၃ ခုနှစ်အတွင်းက စတင်တည်ဆောက်ခဲ့တာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အဆိုပါ သင်္ဘောဖွင့်ပွဲအခမ်းအနားကို တရုတ်ဗဟိုစစ်ကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ ဖန်ချန်လောင်တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
သင်္ဘောပေါ်မှာ မျိုးချစ်သီချင်းတွေ ဟစ်ကြွေးပြီး ရှန်ပိန်ပုလင်းကို အရာရှိတွေက ဖောက်ခဲ့ကြပါတယ်။

အဆိုပါလေယာဉ်တင်သင်္ဘောဟာ နျူကလီယားစွမ်းအင်သုံးမဟုတ်ဘဲ ပုံမှန်အင်ဂျင်အသုံးပြုထားပြီး တရုတ် j-15 လေယာဉ်နဲ့ အခြားလေယာဉ်တွေကို တင်ဆောင်နိုင်စွမ်းရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)