ဗင်နီဇွဲလား ဆန္ဒပြပွဲအတွင်း သေဆုံးသူ ပိုမိုများပြား လာနေ

0
252

သမ္မတ နီကိုလ်းမာဒူရိုရဲ့အစိုးရကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေ ဗင်နီဇွဲလားနိုင်ငံမှာ အပြိုင်ဆန္ဒပြနေကြပြီး နောက်ထပ် လူနှစ်ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။

ရက်သတ္တပတ် သုံးပတ်ကြာလာပြီဖြစ်တဲ့ အဆိုပါဆန္ဒပြပွဲတွေအတွင်း စုစုပေါင်းသေဆုံးသူ ၂၃ ဦး ရှိလာပြီဖြစ်ပါတယ်။ သေဆုံးမှု အပြင် အပြင်းအထန် ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။

အတိုက်အခံတွေ လွှမ်းမိုးထားတဲ့ အမျိုးသားလွှတ်တော်ရဲ့အာဏာကို လွှဲပြောင်းရယူဖို့ အမြင့်ဆုံးတရားရုံးကနေ ဆုံးဖြတ်ချက် ချမှတ်လိုက်မှုအပေါ် ပေါက်ကွဲနေကြတဲ့ ဗင်နီဇွဲလားပြည်သူတွေက အခုလို ဆန္ဒပြပွဲတွေ လုပ်ဆောင်လာကြတာလည်း ဖြစ်ပါတယ်။

တရားရုံးက အမိန့်ကို နောက်ပိုင်းမှာ ပြင်ဆင်ခဲ့ပေမယ့်လည်း ပြည်သူတွေရဲ့ဒေါသကို လျောနည်းသွားအောင်မလုပ်နိုင်တော့ပါဘူး။

ပြီးခဲ့တဲ့ တနင်္လာလနေ့က မာရီဒါမြို့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရထောက်ခံဆန္ဒပြပွဲမှာ အမျိုးသားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ရပါတယ်။ အဆိုပါမြို့နဲ့ အနီးပတ်ဝန်းကျင်မြို့ဖြစ်တဲ့ ဘာရီနာစ်မြို့မှာလည်း နောက်ထပ်လူတစ်ဦး သေဆုံးခဲ့ရပါတယ်။

ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မာရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ဟန်ရီခေးကာပရီစ်က အဆိုပါသတ်ဖြတ်မှုတွေကို ပြည်သူ စစ်အုပ်စုတွေက လုပ်ခဲ့တာဖြစ်ကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ယခုလအတွင်းမှာ လက်ရှိအချိန်အထိ အစိုးရဆန့်ကျင်သူနဲ့ ထောက်ခံဆန္ဒပြသူတွေထဲ ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပါတယ်။ ကာရာကတ်စ်မြို့က မုန့်ဖုတ်ဆိုင်တစ်ဆိုင်ကို ဖျက်ဆီးမွှေနှောက်ကြတဲ့ ဖြစ်စဉ်မှာလည်း လူ ၁၁ ဦးသေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)