ဧ၀ရတ်တောင်မှာ တောင်တက်သမား ၄ ဦး ထပ်မံသေဆုံး

0
288

ဧ၀ရတ်တောင်တက်ရာမှာ ကူညီကယ်ဆယ်ရေးလုပ်သူ ရှပ်ဖာတွေက ကမ္ဘာ့အမြင့်ဆုံး တောင်ရဲ့အမြင့်ဆုံးစခန်းမှာ တောင်တက်သမားလေးဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ရကြောင်းနဲ့ အခုတောင် တက်ရာသီမှာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အာဏာ ပိုင်တွေက ဒီကနေ့ပြောပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက သေဆုံးခဲ့သူ စလိုဗက်ကီးယားလူမျိုး တောင်တက်သမားရဲ့အလောင်းကို ရှာဖွေဖို့ စေလွှတ်ခဲ့တဲ့ ရှပ်ဖာအဖွဲ့တွေက အဆိုပါအလောင်း ၄ လောင်းကို တွေ့ရှိခဲ့တာဖြစ်ကြောင်း နီပေါခရီးသွား လုပ်ငန်းမှ ပြောကြားခဲ့ပါတယ်။

အဆိုပါ စခန်းရှိရွက်ဖျင်တဲအတွင်း သေဆုံးနေခဲ့တဲ့ တောင်တက်သမားတွေကို ဘယ်နိုင်ငံသားတွေဆိုတာ မသိရှိရသေးပါဘူး။ နောက်ထပ်အချက်အလက်တွေ သိရှိရဖို့အတွက် ရှပ်ဖာအဖွဲ့တွေ ထပ်မံစေလွှတ် နေကြောင်း သိရှိရပါတယ်။

အဆိုပါတောင်တက်သမားလေးဦးရဲ့ အလောင်းတွေကို ပြီးခဲ့တဲ့အင်္ဂါနေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အလောင်းတွေကို အမြင့် ၂၆၂၄၇ ပေမှာရှိတဲ့ နောက်ဆုံးစခန်း ၄ (South Col) မှာတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဒီစခန်းနောက်မှာ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို ဆက်တက်ဖို့ပဲကျန်တော့တာကြောင့် အောင်မြင်မှုနဲ့ နီးကပ်နေချိန်မှာ အဆိုပါတောင်တက်သမားလေးဦး ဘယ်လိုကြောင့် သေဆုံးခဲ့ရတယ်ဆိုတာကိုလည်း မသိရှိရသေးပါဘူး။

ရှာဖွေရေးသမားရှပ်ဖာတွေဟာ စခန်း ၂ ဆီရောက်အောင် အဆိုပါအလောင်းတွေကို ပြန်သယ်ဆောင်ရ မှာဖြစ်ပါတယ်။ စခန်း ၂ ဆီကမှတဆင့် အလောင်းတွေကို ရဟတ်ယာဉ်နဲ့ သယ်ဆောင်ရမှာဖြစ်ပါတယ်။

ပေပေါင်း ၂၉၀၃၅ ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို ရောက်ဖို့အတွက် ကြိုးပမ်းကြရင်း ဒီနှစ် တောင်တက်ရာသီမှာ သေဆုံး သူ ၆ ဦးရှိခဲ့ပြီး အခုတောင်တက်သမား လေးဦး ထပ်မံသေဆုံးမှုကြောင့် စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။

တောင်တက်ရာသီက မတ်လမှာ စတင်ပြီး အခုမေလအကုန်မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တောင်တက်နည်းစနစ်ပိုင်းမှာ တိုးတက်လာတာကြောင့် အစောပိုင်းနှစ်တွေထက် သေဆုံးသူအရေအတွက် သိသိသာသာလျော့ကျလာပါတယ်။ နီပေါခရီးသွားလုပ်ငန်းက ဒီနှစ်မှာ စံချိန်သစ်တင်ပြီး စုစုပေါင်းတောင်တက်သမား ၃၇၁ ဦးကို ဧ၀၇တ်တောင်တက်ခွင့် ပါမစ်ထုတ်ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)