အိုင်အက်စ်တွေကို တိုက်ခိုက်နေချိန် မာရှယ်လောထုတ်ပြန်မှု တစ်နှစ်အထိ ကြာမြင့်နိုင်ကြောင်း ပြော

0
292

အစ္စလာမ်မစ် အစွန်းရောက်အကြမ်းဖက်အဖွဲ့ အိုင်အက်စ်တွေကို တိုက်ခိုက်နေချိန်မှာ ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုကျွန်းကို မာရှယ်လော(စစ်အုပ်ချုပ်ရေး)အမိန့်သတ်မှတ်မှု တစ်နှစ်အထိ ကြာမြင့်သွား နိုင်ကြောင်း သမ္မတဒူတာတေးက ပြောကြားလိုက်ပါတယ်။

အဆိုပါကျွန်းပေါ်မှာ အဓိကရုဏ်းဖြစ်ပွားမှုကြောင့် လုံခြုံရေးတပ်သားသုံးဦး သေဆုံးခဲ့ရကြောင်း အရာရှိတွေက ပြောပါတယ်။

မွတ်စလင်သူပုန်အုပ်စုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဆိုပြီး ဖိလစ်ပိုင်အစိုးရတပ်ကို တိုက်ခိုက်နေတဲ့ အဆိုပါကျွန်းကို မစ္စတာ ဒူတာတေးက အစောပိုင်းမှာ မာရှယ်လောရက်ပေါင်း ၆၀ သတ်မှတ်ခဲ့တာပါ။

အဆိုပါမွတ်စလင်သူပုန်အုပ်စုထဲက မှုတေးအဖွဲ့လိုမျိုး အဖွဲ့တချို့ဟာ အိုင်အက်စ်အဖွဲ့ကို မဟာမိတ်ဖွဲ့ထားသူတွေပဲဖြစ်ပါတယ်။

မင်ဒါနာအိုကျွန်းဇာတိဖြစ်သူ သမ္မတဒူတာတေးက အင်္ဂါနေ့မှာ စစ်အုပ်ချုပ်ရေးကြေငြာခဲ့ပြီး အကြမ်းဖက်ဝါဒကို ခပ်ကြမ်းကြမ်း ကိုင်တွယ်သွားမှာဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

အဆိုပါမွတ်စလင်သူပုန်တွေရဲ့ ပုန်ကန်ထကြွမှုကို နှိမ်နင်းဖို့အတွက် သမ္မတဒူတာတေးက ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ခရီးစဉ် ကို ခပ်မြန်မြန် အဆုံးသတ်ခဲ့ရပါတယ်။

အိုင်အက်စ်နဲ့ မွတ်စလင်တယူသန်စစ်သွေးကြွတွေကို နှိပ်ကွပ်ဖို့အတွက် ပိုပြီးခေတ်မီတဲ့စစ်လက်နက်တွေ လိုအပ်နေကြောင်း ရုရှားနိုင်ငံ၊ မော်စကိုမှာ ပြုလုပ်ခဲ့တဲ့ သမ္မတပူတင်နဲ့ အစည်းအဝေးမှာ မစ္စတာဒူတာတေးက ပြောကြားခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးမာရှယ်လောအရ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ဖို့ သံသယရှိသူတွေကို ရုံးမတင်ဘဲ အချိန်ကြာမြင့်စွာဖမ်းဆီးထား နိုင်ပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပုန်ကန်ထကြွမှုနဲ့ ကျုးကျော်မှုတွေကို ရပ်တန့်ဖို့အတွက် သမ္မတတစ်ဦးအနေနဲ့ စစ်အုပ်ချုပ်ရေးကာလကို ရက်ပေါင်း ၆၀ အထိပဲကြေညာခွင့်ပေးထားပါတယ်။

ဥပဒေအရ ပါလီမန်က အဆိုပါစစ်အုပ်ချုပ်ရေးအမိန့်ကို ၄၈ နာရီအတွင်း ရုပ်သိမ်းနိုင်သလို အမြင့်ဆုံး တရားရုံးကလည်း ဥပဒေနဲ့ ညီညွှတ်မှုရှိမရှိကို စိစစ်ခွင့်ပေးထားကြောင်း သိရှိရပါတယ်။ ၁၉၈၆ ခုနှစ်မှာ သမ္မတဖာဒီနန်မာကို့စ်ဖယ်ရှားခံရပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံမှာ မာရှယ်လောကို ဒုတိယအကြိမ် အသုံးပြုခြင်းဖြစ် ကြောင်းလည်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)