ပြင်သစ် ရွေးကောက်ပွဲမှာ အီမန်နျူရယ်မာရွန်နဲ့ မာရီလေပန်းတို့ ဦးဆောင်နေ

0
241

မနေ့ကကျင်းပခဲ့တဲ့ ပြင်သစ်သမ္မတရွေးကောက်ပွဲ ပထမအကြော့ ရွေးကောက်ပွဲမှာ အလယ်အလတ် ၀ါဒီ အီမန်နျူရယ်မာရွန်နဲ့ အမျိုးသားရေးဝါဒီ လည်းဖြစ်၊ ရွှေ့ပြောင်းနေထိုင်မှုတွေကို ဆန့်ကျင်သူလည်းဖြစ်တဲ့ မာရီလေပန်း တို့ နှစ်ဦး အနိုင်ရရှိခဲ့ပြီး လာမယ့် သီတင်းပတ် နှစ်ပတ်အကြာ မေလ ၇ ရက်နေ့မှာ တကြော့ပြန် ရွေးကောက်ပွဲအတွက် ထိပ်တိုက် ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ရွေးကောက်ပွဲ ပထမအကြော့ရလဒ်မှာ မစ္စတာမာရွန်က ၂၃.၉ ရာခိုင်နူန်း၊ မစ္စလေပန်က ၂၁.၄ရာခိုင်နူန်း ရရှိထားခဲ့ပါတယ်။ ထိပ်တိုက် တွေ့ဆုံမှုမှာ မစ္စတာမာရွန်က အသာရလိမ့်မယ်လို့ စစ်တမ်းတွေက ခန့်မှန်းထားပါတယ်။ အဆိုပါပုဂ္ဂိုလ်နှစ်ဦးဟာ ဖရန်ဆွာဖီလန်နဲ့ လက်ဝဲစွန်းဝါဒီ ဂျင်းလူမဲလန်ခ်ျ တို့ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လာမယ့် ထိပ်တိုက်ရင်ဆိုင်မှုမှာ ဘယ်သူပဲအနိုင်ရရ သူတို့နှစ်ဦးအနိုင်ရခဲ့တာဟာ ပြင်သစ်နိုင်ငံရေးသမိုင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုကြီး ဖြစ်သွားစေ လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒီရလဒ်ကြောင့် ခေတ်သစ် ပြင်သစ်သမိုင်းရဲ့ သမ္မတရွေးကောက်ပွဲမှာ အစဉ်အလာအားဖြင့် ထိပ်ကနေ ဦးဆောင်လေ့ရှိတဲ့ နိုင်ငံရေးပါတီကြီး ၂ ခုက မဟုတ် တဲ့သူ တစ်ဦးဦးက သမ္မတ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ဒါဟာ Brexit လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံ အီးယူထဲက နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ဒေါ်နယ်လ်ထရန့် အနိုင်ရလိုက်ပြီးတဲ့ နောက် တည်ဆဲနိုင်ငံရေး အယူဝါဒကို ဆန့်ကျင်သူတွေ များနေတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ပြီး ပြင်သစ် နိုင်ငံအနေနဲ့ အီးယူ ဥရောပသမဂ္ဂထဲမှာ ဆက်တည်ရှိနေမလား ဆိုတဲ့အချက်ကိုလည်း အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

မေလ ၇ ရက်နေ့မှာ ကျင်းပမယ့် တကြော့ပြန် ရွေးကောက်ပွဲမှာ သူတို့ ၂ ဦး ထိပ်တိုက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပြီး အနိုင်ရတဲ့သူက မဲအရေအတွက် စုစုပေါင်းရဲ့ ၅၀% ကျော် အနိုင်ရမှသာ သမ္မတ ဖြစ်ခွင့်ရှိမှာ ဖြစ်ပါတယ်။

တနှစ်အတွင်းမှာ ပြင်သစ်နိုင်ငံရေးလောကကို လုံးဝပြောင်းလဲ ပစ်လိုက်နိုင်ကြောင်း အသက် ၃၉ နှစ်အရွယ် Macron က အောင်ပွဲခံ မိန့်ခွန်းမှာ ထောက် ခံသူတွေ ကို ပြောကြားခဲ့ပါတယ်။

အီးယူထဲကနေ ပြင်သစ်နိုင်ငံ နှုတ်ထွက်ရေးနဲ့ ရွေ့ပြောင်းနေ ထိုင်မှုကို ကန့်ကွက်တဲ့ သမ္မတလောင်း မစ္စလေပန် ကတော့ ပြင်သစ် လူမျိုးတွေ လွတ်မြောက်မှု ရအောင် လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ အောင်ပွဲခံ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဂျာမနီနဲ့ ဥရောပသမဂ္ဂက မစ္စတာမာရွန်ကို အခုရလဒ်အတွက် ချီးကျုးစကားပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲနီးကပ်ချိန်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွား မှုရှိခဲ့တာကြောင့် နိုင်ငံအနှံ့အပြားမှာ ရဲနဲ့ စစ်သား ၆ သောင်းခန့်ကိုလည်း လုံခြုံရေးချထားခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)