မက္ကဆီကိုမှာ ဖြတ်ထားတဲ့ လူနာခြေထောက်ပုံကို အွန်လိုင်းတင်လို့ အလုပ်သင် ဆရာဝန် ၂ ယောက် အလုပ်ဖြုတ်ခံရ

0
292

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ဆေးရုံတစ်ရုံမှာ ဖြတ်ထားတဲ့ လူနာခြေထောက်ပုံနဲ့တွဲပြီး ပြုံးကာ ဆယ်လ်ဖီ ဓာတ်ပုံရိုက်၊ လူမှုကွန်ရက် Twitter ပေါ်တင်တဲ့ အလုပ်သင် ဆရာဝန် ၂ ယောက်ဟာ အလုပ်က အထုတ်ခံရတဲ့အပြင် တရားပါ ရင်ဆိုင်နေရပါတယ်။

အဲဒီ ဆရာဝန် ၂ ဦးအနက် တစ်ဦးက အသက် ၂၄ နှစ်အရွယ် ကာရိုလီနာ ဒိုမင်ဂက်ဇ် ဂါစီယာ ဆိုသူဖြစ်ပြီး “ကျွန်မ ပထမဆုံး ဖြတ်တဲ့ ခြေထောက်ပါ အဖေ၊ ပုံကြည့်ပြီး စိတ်ညစ်သွားရင် တောင်းပန်ပါတယ်” လို့ မက်ဆေ့ခ်ျရေးပြီး ခြေထောက်ပြတ်ပုံကို တင်ခဲ့ပါတယ်။

မွန်တာရီက မက္ကဆီကန် လူမှုလုံခြုံရေး အင်စတီကျု အကြီးအကဲ မီခဲလ် အာရီယိုလာက အဲဒီ အလုပ်သင် ဆရာဝန် ၂ ယောက်ကို အလုပ်ထုတ်လိုက်ပြီး တရားရုံးမှာလည်း အမှုရင်ဆိုင်ရမယ်လို့ ပြောပါတယ်။

ကာရိုလီနာဟာ အရင်ကလည်း ခွဲထုတ်ထားတဲ့ လူ့အစာအိမ် အပိုင်းအစနဲ့ ဆယ်လ်ဖီရိုက်ပြီး လူမှုကွန်ရက် အင်တာနက်မှာ တင်ခဲ့ဖူးပါသေးတယ်။

လူနာရဲ့ မိသားစုတွေက တရားစွဲဆိုဦးမှာလား ဆိုတာတော့ သေချာစွာ မသိရသေးပါဘူး။ Twitter ကတော့ အဲဒီ ခြေထောက်ပြတ်ပုံကို ဖယ်ရှားလိုက်ပါပြီ။

နည်းပညာသစ်တွေကို ဘယ်လို တာဝန်ရှိရှိ အသုံးပြုရမလဲဆိုတာ မိဘတွေဟာ သားသမီးတွေကို မသင်ကြားနိုင်ခဲ့ဘူးဆိုတာ ပြနေတာပဲ တက္ကသိုလ် သုတေသီ လူးဝစ် အန်တိုနီယို လူစီယို လိုပက်ဇ်က မှတ်ချက်ပေးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)