သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ဖို့ ဂြိုလ်တု စီမံကိန်း ဘီလ်ဂိတ် အကောင်အထည်ဖော်

0
308

ဘီလ်ဂိတ်နဲ့ ဇနီးဖြစ်သူ မယ်လင်ဒါဂိတ် တို့ဟာ eBay ရဲ့ တည်ထောင်သူဖြစ်တဲ့ ပီယာအိုမစ်ဒ်ယာ နဲ့ ပူးပေါင်းပြီး ဂြိုလ်တုတွေဆီကနေ အချက်အလက်ရယူဖို့ လုပ်ဆောင်နေပါတယ်။

ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမယ့် အဲဒီစီမံကိန်းကို Radiant Earth လို့ခေါ်ပြီး အဲဒီစီမံကိန်းဟာ ဂြိုလ်တုကနေ ရိုက်ကူးထားတဲ့ ပုံအမြောက်အများကို လူတိုင်း အခမဲ့ရယူနိုင်မယ့် စီမံကိန်းဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာကို လှည့်ပတ်နေတဲ့ ဂြိုလ်တုပေါင်းများစွာ ရှိနေပြီး အဲဒီဂြိုလ်တုတွေကလည်း သဘာဝဘေးအန္တရာယ်တွေ အတွက် အချက်အလက်တွေ ပေးပို့နေပေမယ့် အဲဒီလောက်နဲ့ မလုံလောက်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Radiant Earth လို့ခေါ်တဲ့ အခုစီမံကိန်းဟာ ကမ္ဘာကြီးရဲ့ ကောင်းကျိုးအတွက်သာ ဖြစ်တယ်လို့ အဲဒီစီမံကိန်းရဲ့ ခေါင်းဆောင်ဖြစ်သူ အန်ဟေးမစ်လာရီးစ်က ဆိုပါတယ်။

ဒီစီမံကိန်းကနေတဆင့်မြေကြီးရဲ့ သက်တမ်း၊ ကမ္ဘာ့ကျန်းမာရေး၊ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးရေးနဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာသတိပေးချက်တွေကို ထိန်းချုပ်စီမံနိုင်မှာ ဖြစ်တယ်လို့လည်း သူမကပြောပါတယ်။

ဘီလ်ဂိတ်နဲ့ဇနီးသည်တို့ ပူးတွဲလုပ်ဆောင်နေတဲ့ ဂိတ်ဖောင်ဒေးရှင်းဟာ အဲဒီစီမံကိန်းအတွက် ကျွမ်းကျင် ပညာရှင်ပေါင်း ၁၅၀ ကို ခေါ်ယူပြီး ပြီးခဲ့တဲ့ အပတ်က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ လူသားချင်း စာနာထောက်ထားရေး အဖွဲ့တွေနဲ့ သဘာဝ ပတ်ဝန်းကျင်အဖွဲ့တွေအနေနဲ့ အခုပြုလုပ်မယ့် စီမံကိန်းကနေပြီး ရရှိလာမယ့်ဂြိုလ်တု အချက်အလက်တွေကို အလွယ်တကူယူငင်သုံးစွဲနိုင်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဂြိုလ်တုတွေကနေ ပုံရိပ်ရယူမယ့် ဒီစီမံကိန်းဟာ လူသားတွေအတွက် ဘေးထွက်ဆိုးကျိုး မရှိဘဲ ကမ္ဘာကြီးပေါ်ဘာဖြစ်နေတယ်ဆိုတာ သိရှိနိုင်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်တယ် လို့လည်း ကယ်လီဖိုးနီးယား တက္ကသိုလ်က သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ အဲလ်ဘတ်လင်း က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)