လန်ဒန်မြို့ အကြမ်းဖက်မှုခံရကို ကမ္ဘာတ၀န်းက ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့

0
334

လန်ဒန်အကြမ်းဖက်ခံရမှုအတွက် ကမ္ဘာ့ခေါင်းဆောင်တွေအသီးသီးက ဗြိတိန်နိုင်ငံနဲ့ ပြည်သူတွေကို အားပေးစကားပြောကြားခဲ့ကြပြီး အကြမ်းဖက်ဝါဒကို ပူးပေါင်းတိုက်ဖျက် သွားကြမှာဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ၀မ်းနည်း ကြောင်းဖော်ပြမှုတွေကို စုစည်းဖော်ပြလိုက်ရပါတယ်။

ဂျာမနီ
ဝန်ကြီးချုပ်အန်ဂျယ်လာမာခေးလ်က ဂျာမနီအနေနဲ့ အကြမ်းဖက်မှုပုံစံပေါင်းစုံကို ဆန့်ကျင်တိုက်ဖျက်တဲ့နေရာမှာ ဗြိတိန်နဲ့အတူ ခိုင်ခိုင်မာမာရပ်တည်နေကြောင်း ပြောဆိုခဲ့ပါတယ်။ ဂျာမနီသမ္မတဖရန့်ခ်စတိန်းမီယာက “ အခုလိုဝမ်းနည်းစရာကောင်းတဲ့အချိန် မှာ ကျွန်တော်တို့ ဂျာမန်တွေအနေနဲ့ ဗြိတိန်ပြည်သူနေနဲ့အတူ နီးနီးကပ်ကပ်ရှိနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ပြင်သစ်
ပြင်သစ်သမ္မတဖန်ဆွာဟော်ဒန်ဒေက ဗြိတိန်ပြည်သူတွေကို ထောက်ခံအားပေးပြီး တသားတည်းရှိနေကြောင်း စာပေးပို့ခဲ့ပါ တယ်။တိုက်ခိုက်ခံရသူတွေထဲမှာ ပြင်သစ်အထက်တန်းကျောင်းသားသုံးဦးလည်းပါဝင်ခဲ့တာကြောင့် ပြင်သစ်အနေနဲ့ ဗြိတိန်ပြည် သူတွေရဲ့နာကျင်မှုကို နားလည်ခံစားရပါကြောင်း အဆိုပါစာမှာ ဖော်ပြခဲ့ပါတယ်။
“ပြင်သစ်နိုင်ငံမှာလည်းမကြာသေးခင်ကမှ အကြမ်းဖက်မှုကိုခံစားခဲ့ရတာကြောင့် ယနေ့မှာဗြိတိန်ပြည်သူတွေ ဘယ်လိုခံစားနေရ လည်းဆိုတာကို သိရှိပါတယ်” လို့ သမ္မတဖရန့်ဆွာက ဆက်လက်ဖော်ပြခဲ့ပါတယ်။
ပြင်သစ်ဝန်ကြီးချုပ် ဘားနက်ဒ်ချာဇက်နူဗီက “ ဗြိတိန်မိတ်ဆွေတွေနဲ့ တသားတည်းရှိနေပါတယ်။ ထိခိုက်ခံစားခဲ့ရတဲ့ ပြင်သစ် ကျောင်းသားတွေနဲ့ မိသားစုဝင်တွေ၊ သူတို့ရဲ့မိတ်ဆွေတွေအတွက်လည်း အပြည့်အ၀အားပေးကူညီပေးသွားမှာပါ” လို့ တွစ်တာ မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်
အကြမ်းဖက်တိုက်ခိုက်မှုကို အိမ်ဖြူတော်က ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုတရားခံတွေအားလုံးကို တရားဥပဒေအရဆောင်ရွက်နိုင်ဖို့ အပြည့်အ၀ ကူညီပေးသွားမှာ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာက ပြောဆိုခဲ့ပါတယ်။

ကနေဒါ
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရုဒူးက “ လန်ဒန်မှာတိုက်ခိုက်ခံရတဲ့သူတွေနဲ့ သူတို့ရဲ့မိသားစုဝင်နေအပေါ်မှာ ကျွန်တော်တို့ စာနာစိတ်နဲ့ခံစားနေကြရပါတယ်။ ကနေဒါလူမျိုးတွေအနေနဲ့ ဗြိတိန်ပြည်သူတွေနဲ့ တသားတည်းရှိနေကြပါတယ်” လို့ တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

ဥရောပသမဂ္ဂ
ဥရောပသမဂ္ဂဥက္ကဋ္ဌ ဂျိမ်းကလော့ဂျန်ကာက အကြမ်းဖက်မှုကြောင့် အပြင်းအထန် စိတ်ထိခိုက်တုန်လှုပ်ရပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ လေဆိပ်နဲ့ဘူတာရုံ အကြမ်းဖက်ခံရမှုတစ်နှစ်ပြည့်နေ့မှာ လန်ဒန်မှာ အလားတူအကြမ်းဖက်မှုဖြစ်ခဲ့တာကြောင့် အခုလိုဝမ်းနည်းစရာ ကောင်းတဲ့အချိန်မှာ ဘယ်လိုစကားလုံးသုံးနူန်းပြီး ဖော်ပြရမယ်ဆိုတာကို မသိရလောက် အောင်ဖြစ်ခဲ့ရပါတယ်လို့ ဥက္ကဋ္ဌကလေ့ဂျန်ကာက ပြောကြားခဲ့ပါတယ်။

ရုရှား
ရုရှားရုပ်သံကနေတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာကာရိုဗာက ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေး ပို့ခဲ့ပြီး ရုရှားနိုင်ငံအနေနဲ့ ဗြိတိန်ပြည်သူတွေရဲ့နာကျင်မှုကို ရုရှားနိုင်ငံအနေနဲ့ ခံစားရပါကြောင်း ဖော်ပြခဲ့ပါတယ်။

နယ်သာလန်
နယ်သာလန်ဝန်ကြီးချုပ်မတ်ခ်ရုက အကြမ်းဖက်မှုသတင်းကြောင့် တုန်လှုပ်ခဲ့ကြောင်းနဲ့ လန်ဒန်မြို့ဟာ မိမိတို့ရဲ့နှလုံးသားထဲမှာ ရှိနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။ နယ်သာလန်အနေနဲ့ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေပြီး ဗြိတိန်အာဏာပိုင် တွေနဲ့ ဆက်သွယ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အီတလီ
အီတလီဝန်ကြီးချုပ် ပါလိုဂျန်တီလိုနီက “ အကြမ်းဖက်မှုပုံစံပေါင်းစုံကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားဖို့နဲ့ ရှုတ်ချဖို့အတွက် အီတလီ နိုင်ငံက ဗြိတိန်နိုင်ငံနဲ့ လက်တွဲလုပ်ဆောင်သွားပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဘဲလ်ဂျီယံ
“ လန်ဒန်မြို့မှာ ထိခိုက်ခံစားနေရတဲ့သူတွေအားလုံး၊ ၀မ်းနည်းကြေကွဲနေရသူအားလုံးအတွက် ကျွန်တော်တို့အနေနဲ့ ၀မ်းနည်း ကြေကွဲမိပါတယ်” လို့ ၀န်ကြီးချုပ် ချားလ်မိုင်ကယ်က တွစ်တာမှာရေးသားဖော်ပြခဲ့ပါတယ်။ “ အကြမ်းဖက်မှုကို တိုက်ခိုက်ဖို့အ တွက် ဗြိတိန်နဲ့အတူ ဘဲလ်ဂျီယံနိုင်ငံရှိနေပါတယ်” လို့ ၀န်ကြီးချုပ်က ဆက်လက်ရေးသားဖော်ပြခဲ့ပါတယ်။

တူရကီ
တူရကီသမ္မတ ရီဆက်ပ်တေရစ်အီဒိုဂန်က “ တူရကီအနေနဲ့ ဗြိတိန်နိုင်ငံရဲ့ နာကျင်ခံစားရမှုကို မျှဝေခံစားမိပါတယ်။ အကြမ်းဖက် ၀ါဒကို တိုက်ဖျက်ဖို့ အတွက် ဗြိတိန်နိုင်ငံနဲ့ တသားတည်းရှိနေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်
“ လူတွေအများကြီး သေကြေထိခိုက်ခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တုန်လှုပ်သလို ဒေါသလည်းထွက်ခဲ့ရပါတယ် လို့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက ဒီကနေ့ မတ်လ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
“ ဂျပန်အစိုးရအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို လုံးဝပြစ်တင်ရှုတ်ချပါတယ်။ ထိခိုက်ခံစားခဲ့ရသူတွေအတွက် ကျွန်တော်တို့အနေနဲ့ အင်မတန် မှထိခိုက်ကြေကွဲရပါတယ်” လို့ ဂျပန်အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဂရိ
“ ဒီနေ့ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုအပေါ် တုံ့ပြန်ဖို့ ဗြိတိန်ပြည်သူတွေနဲ့ ဂရိနိုင်ငံက တသားတည်းရှိပါတယ်” လို့ ၀န်ကြီးချုပ် အလက်တီစီပရာစ်က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

စပိန်
စပိန်ဝန်ကြီးချုပ်မာရီယာနိုရာဂျွိုင်းက “ စပိန်ပြည်သူတွေက ဗြိတိန်ပြည်သူတွေနဲ့ အတူရှိနေပါတယ်။ ၀က်စ်မင်စတာဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကို ကျွန်တော် ရှုတ်ချပါတယ်၊ ထိခိုက်ခဲ့ရသူတွေနဲ့ တသားတည်းရှိနေပါတယ်” လို့ တွစ်တာမှာရေးသားခဲ့ ပါတယ်။

ပေါ်တူကီ
“ ဒီတိုက်ခိုက်မှုက ဘာကိုပြနေလဲဆိုရင် ဥရောပတတိုက်လုံးအာရုံစိုက်ရမယ့်အချက်ပါပဲ။ ကျွန်တော်တို့ စည်းရုံးပါမှ ဒီခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်စွမ်းရှိပါမယ်” လို့ ပေါ်တူကီဝန်ကြီးချုပ် အန်တိုနီယိုကိုစတာက ပြောကြားခဲ့ပါတယ်။

ၾသစေၾတးလ်
သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်ထရန်ဘူးလ်က ဒါဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို တိုက်ခိုက်လိုက်တာပဲလို့ ပြောကြားခဲ့ပါ တယ်။ “ ဒါပေမဲ့ အကြမ်းဖက်ဝါဒကို ဘယ်တော့မှ အောင်ပွဲမခံစေရဘူးလို့ ကျွန်တော်တို့ ပြောနိုင်တယ်။ အကြမ်းဖက်ဝါဒကို အ ပြတ်ချေမှုန်းရပါမယ်။ သူတို့ရဲ့ အကြမ်းဖက်ဝါဒရဲ့အရင်းခံနေရာကို သွားရောက်ချေမှုန်းရမှာဖြစ်တယ်” လို့ မဲလ်ကွန်က ဆက်လက်ပြောကြားခဲ့ပါတယ်။

တရုတ်
“ ဗြိတိန်ဝန်ကြီးချုပ်ဆီကို ကျွန်တော်တို့ ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။အဲဒီသ၀ဏ်လွှာပေးပို့မှုနဲ့အတူ အကြမ်း ဖက် ၀ါဒပုံစံ ပေါင်းစုံကို တိုက်ခိုက်တဲ့နေရာမှာ ပူးပေါင်းပါဝင်သွားမှာဖြစ်ပြီး အကြမ်းဖက်ဝါဒကို ရှုတ်ချကြောင်း ပြောကြား လိုပါတယ်” လို့ တရုတ်အကြီးအကဲ Li Keqiang က ပြောကြားခဲ့ပါတယ်။

စင်္ကာပူ
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက “ စင်္ကာပူပြည်သူတွေအနေနဲ့ ဗြိတိန်ပြည်သူတွေ ခက်ခဲတဲ့အချိန်ကိုရင်ဆိုင်နေရချိန်မှာ တ သား တည်းရှိနေကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကာတာ
ကာတာနိုင်ငံက အကြမ်းဖက်မှုပုံစံပေါင်းစုံကို ဆန့်ကျင်ကြောင်းအလေးအနက်ပြောကြားနဲ့ တိုင်းပြည်လုံခြုံရေးအတွက် လုပ် ဆောင်နေတဲ့ ဗြိတိန်အစိုးရကို ထောက်ခံအားပေးနေ ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗင်နီဇွဲလား
ဗင်နီဇွဲလားဆိုရှယ်လစ်သမ္မတနီကိုးလပ်စ်မာဒူရိုက လန်ဒန်မြို့သားတွေကို အပြည့်အ၀ထောက်ခံကြောင်းနဲ့ အကြမ်းဖက်ဝါဒ အားလုံးကို လုံးဝဆန့်ကျင်ကြောင်း ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)