သက်ရှိတွေ ရှင်သန်နိုင်တဲ့ ဂြိုဟ်ခုနစ်စင်းရှိတဲ့ နေအဖွဲ့အစည်းတစ်ခု တွေ့ရှိ

0
293

ကမ္ဘာအရွယ်အစားလောက်ရှိတဲ့ ဂြိုဟ်ခုနစ်လုံးက နေတစ်စင်းကို ဗဟိုပြုပြီး လည်ပတ်နေတဲ့ နေအဖွဲ့အစည်းတစ်ခုကို နက္ခတ်တာရာ ပညာရှင်တွေက ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အခုတွေ့ရှိချက်ကို အမေရိကန် လေကြောင်းနဲ့အာကာသ လေ့လာရေးအဖွဲ့ (NASA)နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံ ဦးဆောင်တဲ့ သုတေသနအဖွဲ့တို့က ကြေညာခဲ့တာဖြစ်ပြီး အဲဒီ ဂြိုဟ်ခုနစ်လုံးရှိတဲ့ နေအဖွဲ့အစည်းဟာ Aquarius ကြယ်အစုအဝေး(နက္ခတ်)နဲ့ အလင်းနှစ် ၄၀ လောက် ဝေးတဲ့နေရာမှာ တည်ရှိနေတာပါ။

ဒါ့အပြင် အဲဒီဂြိုဟ်ခုနစ်လုံးပေါ်မှာ သက်ရှိတွေ ရှိနေနိုင်တယ်လို့လည်း နက္ခတ်တာရာပညာရှင်တွေက ဆိုပါတယ်။

နာဆာရဲ့ Spitzer အာကာသကြည့်မှန်ပြောင်းကတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့တဲ့ ဂြိုဟ်ခုနစ်လုံးက လည်ပတ်နေတဲ့ နေဟာ ဂျူပီတာဂြိုဟ်အရွယ်အစားလောက်ရှိပြီး နေအရွယ်အစားရဲ့ ၈ ရာခိုင်နှုန်းလောက်ရှိတဲ့ Trappist-1 လို့ အမည်ရတဲ့ ကြယ်ငယ်တစ်ခုဖြစ်ပါတယ်။ ဂြိုဟ်ခုနစ်လုံးထဲက သုံးလုံးဟာ Trappist-1 ရဲ့ မလှမ်းမကမ်းမှာရှိပြီး ရေနဲ့ သက်ရှိတွေ ရှိကောင်းရှိနိုင်တဲ့အတွက် လူအသက်ရှင်လို့ရတဲ့ နယ်မြေတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အကယ်၍ သက်ရှိတွေ မရှိသေးရင်တောင် ဆင့်ကဲပြောင်းလဲပြီး သက်ရှိတွေ ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

နာဆာအဖွဲ့က သောမတ်စ်ဇာဘက်ချန်ကတော့ “ဒုတိယမြောက်ကမ္ဘာကို ရှာတွေ့မယ့် ကိစ္စဟာ ဖြစ်နိုင်ခြေရှိလား ဆိုတဲ့အဆင့်မဟုတ်တော့ဘဲ ဘယ်အချိန်မှာတွေ့မလဲဆိုတဲ့ အဆင့်ရောက်နေပြီဆိုတာ အခုတွေ့ရှိချက်က အရိပ်အမြွက် ပြလိုက်တာပါပဲ”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Trappist-1 ဟာ အနည်းဆုံး နှစ် သန်း ၅၀၀ သက်တမ်းရှိပြီး ခန့်မှန်းခြေ နှစ် ၁၀ ထရီလီယံလောက် သက်တမ်းရှည်နိုင်ပါတယ်။ လာမယ့် နှစ် သန်းထောင်ချီတဲ့ကာလအချို့အတွင်း နေရဲ့ လောင်စာတွေ ကုန်ခမ်းပြီး နေဗဟိုပြုအဖွဲ့အစည်း ရပ်ဆိုင်းသွားချိန်မှာ Trappist-1 ဟာ မွေးကင်းစကြယ်လေးတစ်လုံး ဖြစ်လာလိမ့်မယ်လို့လည်း နယ်သာလန်နိုင်ငံက Leidon Observatory အာကာသ လေ့လာရေးဓာတ်ခွဲခန်းက အစ်နက်စ်ဆနယ်လန်ကလည်း ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)