ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း နေအိမှာပဲ နေကြရသူတွေ များပြားတာကြောင့် ရုပ်သံဖျော်ဖြေရေး လုပ်ငန်းတွေ အားကောင်းမယ်လို့ မှန်းဆခဲ့ကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာလည်း တခြားကမ္ဘာ့နိုင်ငံတွေနည်းတူ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်မှုတွေ ရပ်ဆိုင်းထားရပြီး ရုပ်ရှင်ရုံတွေလည်း ပိတ်ထားရပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာ အာရှကိုသာမက ကမ္ဘာက ပရိသတ်တွေကိုပါ ဆွဲဆောင်နိုင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်းမှာ ထင်သလို မပေါက်တာကို တွေ့မြင်နေရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တောင်ကိုရီးယား ထိပ်တန်းရုပ်သံလွှင့် ဌာနတွေဖြစ်တဲ့ tvN နဲ့ SBS တို့က ဆယ်ကျော်သက် မိန်းကလေးတွေ သဲသဲလှုပ် အားပေးကြတဲ့ မင်းသားနှစ်ဦးဖြစ်တဲ့ ဂျီဆောင်ဝူးနဲ့ ကင်ဆိုဟွန်းတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကို အပြိုင်ထုတ်လွှင့် ပြသနေပါတယ်။
COVID-19 ကပ်ရောဂါကြောင့် လူအများစု နေအိမ်တွေမှာပဲ အနေများတဲ့ ကာလမှာ တောင်ကိုရီးယား ရုပ်သံလိုင်းတွေဟာ ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်တဲ့ ရုပ်သံဇာတ်လမ်းတွေနဲ့ သူတို့ရဲ့ စျေးကွက်ကို စွဲဆောင်နေပေမယ့် jTBC ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “The World of Married” ရုပ်သံ ဇာတ်ကား ပြသပြီးနောက် ကြည့်ရှုနှုန်းဟာ ထင်သလောက် တိုးတက်လာခြင်း မရှိပါဘူး။

ရုပ်ရှင်ရုံများလည်း ပိတ်ထားရပြီး ဖျော်ဖြေရေးအနေနဲ့ ရုပ်သံလိုင်းများကိုသာ အားကိုးနေရတဲ့ အနေအထားမှာ ကိုရီးယား ရုပ်သံဇာတ်လမ်းများကို ကြည့်ရှုကြတဲ့ ကမ္ဘာတစ်ဝန်းက ရုပ်သံဇာတ်လမ်း ပရိသတ်များဟာ လတ်တလောမှာ ပြသလို့ ပြီးသွားတဲ့ လီမင်ဟို ပါဝင်ထားတဲ့ The King: Eternal Monarch ရုပ်သံ ဇာတ်လမ်းမှာလည်း ကြည့်ရှုနှုန်းက ထင်သလောက် မမြင့်ခဲ့ပါဘူး။ အလားတူ ဆောင်ဆမ်ဟွန် ပါဝင်သရုပ်ဆောင်ပြီး လတ်တလောမှာ ပြသနေတဲ့ Dinner Mate ကလည်း ထင်သလောက် ကြည့်ရှုနှုန်းမြင့်တက်လာခြင်းမရှိပါဘူး။

ဒါ့ကြောင့် ကြည့်ရှုနှုန်းတွေ မြင့်တက်လာခြင်း မရှိတဲ့အပေါ် ကိုရီးယား ရုပ်သံဇာတ်လမ်း ဖန်တီးသူများက ဆန်းစစ်မှုတွေကို ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ ဒီလို ကြည့်ရှုနှုန်းတွေ မြင့်တက်လာခြင်း မရှိတာဟာ ဇာတ်လမ်းကြောင့်လား သရုပ်ဆောင် မင်းသား၊ မင်းသမီးကြောင့်လားဆိုတဲ့ ဆန်းစစ်မှုတွေ ပြုလုပ်ကာ ပြောင်းလဲမှုတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။
အကျိုးဆက်အဖြစ်နဲ့ ဆယ်ကျော်သက်တွေ အကြိုက်တွေ့စေမယ့် သရုပ်ဆောင်တွေ ပါဝင်ထားပြီး လက်တွေ့လောကတွင် အမှန်တကယ် ဖြစ်ပျက်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့ Backstreet Rookie နဲ့ It’s Okay to Not Be Okay ဆိုတဲ့ ရုပ်သံဇာတ်လမ်းများကို ဒီသတင်းပတ်မှာ ရုပ်သံလိုင်း နှစ်လိုင်းက ထုတ်လွှင့်ပြသလိုက်ခြင်း ဖြစ်ပါတယ်။
Backstreet Rookie ရုပ်သံဇာတ်လမ်းမှာ ဂျီဆောင်ဝူးနဲ့ ကင်ယိုဂျောင်းတို့ အဓိက ပါဝင်ထားပြီး ရပ်ကွက်တွင်းမှာ ၂၄ နာရီ ဖွင့်လှစ်ထားတဲ့ convenience store မှာ ဖြစ်ပျက်တဲ့ ရိုးရှင်းတဲ့အကြောင်းကို ဟာသနဲ့ အချစ်ရောဖွဲ့ထားတဲ့ လူငယ်ဇာတ်လမ်း ဖြစ်ပါတယ်။ စတင်ပြသတဲ့နေ့မှာ ကြည့်ရှုနှုန်းဟာ ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

လီမင်ဟို ပါဝင်တဲ့ The King: Eternal Monarch ဟာ စတင်ပြသတဲ့နေ့မှာ ကြည့်ရှုနှုန်း ၉ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ကာ တစ်ကားလုံးပြီးတဲ့ အချိန်မှာတော့ ၈ ဒသမ ၄ ရာခို်င်နှုန်းသာ ရှိခဲ့ပါတယ်။ The World of Married ရုပ်သံဇာတ်လမ်းကတော့ စတင်ပြသခြင်းမှာ ကြည့်ရှုနှုန်း ၆ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ဇာတ်သိမ်းမှာတော့ ၃၁ ဒသမ ၆၆ ရာခိုင်နှုန်း အထိရှိခဲ့လို့ စံချိန်တင်နိုင်တဲ့ အခြေအနေ ရှိခဲ့ပါတယ်။
လူငယ်အကြိုက် သရုပ်ဆောင်များနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်းတွေကရော ပရိသတ်အကြိုက်တွေ့ စေမလားဆိုတာကို ကိုရီးယားရုပ်သံ ထုတ်လုပ်သူများက ဆန်းစစ်နေကြပါတယ်။
NDBM