သုံးနှစ်အကြာက နစ်မြုပ်ခဲ့တဲ့ ကူးတို့သင်္ဘော တောင်ကိုရီးယား ဆယ်ယူ

0
224

ပြီးခဲ့တဲ့ သုံးနှစ်နီးပါးက နစ်မြုပ်ခဲ့ပြီး လူပေါင်း ၃၀၄ ဦး သေဆုံးခဲ့တဲ့အပြင် လက်ရှိအချိန်မှာ ဖယ်ရှားခံလိုက်ရပြီဖြစ်တဲ့ သမ္မတ ပတ်ခ်ဂွန်ဟေး အစိုးရအပေါ်မှာလည်း ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ရတဲ့ ဆီဝိုးလ်ကူးတို့သင်္ဘောကို ပြန်လည် ဆယ်ယူဖို့အတွက် ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာ ကယ်ဆယ်ရေး လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားတိုင်းပြည်ရဲ့အဆိုးရွားဆုံးရေကြောင်းဘေးအန္တာရယ် ကပ်ဆိုက်မှုမှာ သားကောင်ဖြစ်ခဲ့ရသူ အများစုကကျောင်း သားလူငယ်တွေ ဖြစ်ခဲ့ရပါတယ်။

အဆိုပါသင်္ဘောဟာ ဂျင်ဒိုကျွန်းရဲ့အနောက်တောင်ဘက်ပိုင်း ရေပြင်အနက် ပေ ၁၃၀ ခန့်မှာ နစ်မြုပ်နေခဲ့တာဖြစ်ပါတယ်။ သင်္ဘောဆယ်ယူဖို့အစီစဉ်ကို ပြီးခဲ့တဲ့နှစ်က စတင်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ရာသီဥတုပြင်းထန်လွန်းတာကြောင့် အခုမှဆယ်ယူဖို့ စတင်စမ်းသပ်မှုလုပ်ကြရတာဖြစ်ပါတယ်။

နစ်မြုပ်နေဆဲဖြစ်တဲ့ သင်္ဘောအတွင်းမှာ သေဆုံးခဲ့သူ ၉ ဦးရဲ့ ရုပ်အလောင်းတွေ ပိတ်မိနေတယ်လို့ ဆယ်ယူသူတွေက ယူဆထားကြပါတယ်။ သေဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေကတော့ သင်္ဘောကိုပဲ အကောင်းအတိုင်းရအောင်ဆယ်ယူဖို့ ဆန္ဒပြုခဲ့ကြပါတယ်။

တကယ်လို့ ရာသီဥတုအခြေအနေကောင်းမယ်ဆိုရင် ၆၈၂၅ တန်အလေးချိန်ရှိတဲ့ ၄င်းသင်္ဘောကို သုံးရက်အတွင်းအပြီးဆယ်ယူ သွားမှာဖြစ်ကြောင်း တောင်ကိုရီးယား အဏ္ဍာဝါ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ သင်္ဘောနစ်မြုပ်ရခြင်းရဲ့အကြောင်းရင်းဟာ လူ့ပယောဂကြောင့်ဖြစ်ပြီး တရားမ၀င်ဒီဇိုင်းပြန်လည်တည်ဆောက်မှုနဲ့ တန်ပိုတင်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်က သမ္မတပတ်ခ်ဂွန်ဟေးကို အရေးပေါ်အချိန် နာရီအတွင်းမှာ လုပ်ဆောင်မှုမရှိခဲ့ဘူးလို့ စွပ်စွဲချက်တွေပေါ် ထွက်ပေါ်စေခဲ့ပြီး ဆိုးလ်မြို့လယ်မှာ မစ္စပတ်ခ်ကို အမြဲတမ်းဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တဲ့နေရာတစ်ခုကိုတောင် လုပ်ထားခဲ့ကြပါတယ်။

သင်္ဘောကပ္ပတိန်လီဂျန်ဆောက်ခ်ကို ထောင်ဒဏ်တစ်သက်တကျွန်းနဲ့ သင်္ဘောသား ၁၄ ဦးကိုထောင်ဒဏ် ၂ နှစ် ကနေ ၁၂ နှစ်အထိ အဆိုပါသင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)