ကင်ဂျံနမ် လုပ်ကြံခံရမှုမှာ မြောက်ကိုရီးယားသံရုံး အရာရှိတစ်ဦးကို မလေးရှား သံသယရှိနေ

0
279

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖအေတူ မအေကွဲ အစ်ကို ကင်ဂျုံနမ် လုပ်ကြံခံရတဲ့အမှုမှာ မြောက်ကိုရီးယားသံရုံးက အရာရှိတစ်ဦးကို သံသယရှိသူတစ်ဦးအဖြစ် ထည့်တွက်ထားတယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

မလေးရှားရဲတပ်ဖွဲ့ရဲ့ သံသယရှိခံရသူတွေထဲမှာ အဲဒီသံရုံးအရာရှိနဲ့ မြောက်ကိုရီးယား နိုင်ငံပိုင် လေကြောင်းလိုင်းတစ်ခုက ဝန်ထမ်းတစ်ဦး အပါအဝင် စုစုပေါင်း မြောက်ကိုရီးယားနိုင်ငံသား သုံးဦး ပါဝင်နေတာပါ။

မလေးရှားရဲချုပ် ခါလစ်အဘူဘာကာကတော့ အဲဒီလူသုံးဦးလုံးဟာ မလေးရှားမှာ နေထိုင်တုန်းပဲဖြစ်ပြီး ခေါ်ယူစစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

သံရုံးအရာရှိကတော့ အသက် ၄၄ နှစ်အရွယ် ဟွန်ကွမ်ဆောင်းလို့အမည်ရပြီး သံရုံး ဒုတိယအတွင်းဝန် အဆင့်ရှိသူ ဖြစ်ပါတယ်။ နောက်ထပ်တစ်ဦးကတော့ Air Koryo လေကြောင်းလိုင်းက အသက် ၃၇ နှစ်အရွယ် ကင်အွတ်ခ်အီလ်လို့ အမည်ရတဲ့ ဝန်ထမ်းဖြစ်ပြီး ကျန်တစ်ဦးကိုတော့ ရီကျီအူဆိုတဲ့ နာမည်သာ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့တုန်းက ကွာလာလမ်ပူလေဆိပ်မှာ မကာအိုကိုသွားမယ့် လေယာဉ် စီးခါနီးမှာ လုပ်ကြံခံရပြီးသေဆုံးခဲ့တာပါ။ ကင်ဂျုံနမ်ဟာ ကင်ဂျုံအန်နဲ့ ခပ်စိမ်းစိမ်းနေသူဖြစ်ပြီး မကာအိုမှာ မိသားစုနဲ့အတူ တရုတ်အစိုးရရဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

မလေးရှားက ကင်ဂျုံနမ်ရဲ့လောင်းကို ဆေးစစ်မှုလုပ်ပြီး မြောက်ကိုရီးယားကို ပို့မှာဖြစ်ပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ ဆေးမစစ်ဘဲ တန်းပို့ဖို့ လိုလားနေတာပါ။ ဒါကြောင့်လည်း တဖြည်းဖြည်းနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာလာနေပါတယ်။

လက်ရှိမှာတော့ မလေးရှားဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိနေတဲ့ မြောက်ကိုရီးယားနိုင်ငံသား ရှစ်ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ကြံမှုဖြစ်ပွားတဲ့နေ့မှာ မြောက်ကိုရီးယားလေးဦးဟာ မလေးရှားကနေ မြောက်ကိုရီးယားကို ထွက်ပြေးခဲ့ကြတယ်လို့လည်း မလေးရှားရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)