အဇာဘိုင်ဂျန်သမ္မတက ဇနီးဖြစ်သူကို ဒုတိယသမ္မတအဖြစ် ခန့်အပ်

0
296

အဇာဘိုင်ဂျန်နိုင်ငံသမ္မတ အီလ်ဟမ်အလီယပ်ဗ်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ သူ့ဇနီးဖြစ်သူ မီဟရီဘန် အလီယပ်ဗ်ကို ဒုသမ္မတအဖြစ် ခန့်အပ်လိုက်ပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံဟာ အစက ဒုတိယ သမ္မတရာထူးမရှိတဲ့ နိုင်ငံဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ သိုသိုသိပ်သိပ်နဲ့ လူထုဆန္ဒခံယူပွဲတစ်ရပ်လုပ်ပြီး ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်ကာ ဒုတိယသမ္မတ ရာထူးကို သတ်မှတ်ခဲ့တာပါ။ ဒါကြောင့် ဒီကနေ့ သမ္မတ မီဟရီဘန်အလီယပ်ဗ်ဟာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ ပထမဆုံး ဒုတိယသမ္မတ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အတိုက်အခံအုပ်စုတွေကတော့ သမ္မတ အလီယပ်ဗ်မိသားစုရဲ့ ဆွေစဉ်မျိုးဆက် အခိုင်အမာအုပ်ချုပ်ရေးအတွက် အစီအစဉ်ဆိုပြီး ဝေဖန်ရှုတ်ချနေကြပါတယ်။

သမ္မတ အီလ်ဟမ်အလီယပ်ဗ်ဟာ ၂၀၀၃ မှာ သူ့အဖေ ဟေဒါ ဆုံးပါးပြီးကတည်းက သမ္မတ ဖြစ်လာခဲ့သူဖြစ်ပါယ်။ အီလ်ဟမ်အလီယပ်ဗ်ရဲ့ ဖခင်ဟာ ရုရှားစပိုင် KGB အဖွဲ့နဲ့ ကွန်မြူနစ်ခေတ် အရာရှိဟောင်းတစ်ဦး ဖြစ်ပါတယ်။

မီဟရီဘန် အလီယပ်ဗ်ဟာ အမေရိကန်သံတမန်ရေးကိစ္စတွေမှာ အဓိကကျကျ ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ဝီကီလိခ်က အရင်က ဖောက်သည်ချခဲ့ဖူးပါတယ်။ ဒါ့အပြင် သူဟာ လူမှုရေးနယ်ပယ်မှာ သြဇာလွှမ်းမိုးပြီး၂၀၀၅ ခုနှစ်ကတည်းက ယောက္ခမဖြစ်သူ ဟေဒါအလီယပ်ဗ်ဖောင်ဒေးရှင်းရဲ့ အကြီးအကဲ ဖြစ်လာခဲ့တာပါ။

သူတို့နှစ်ဦးမှာ လေလာနဲ့ အာဇူဆိုတဲ့ အသက် ၃၂ နှစ်နဲ့ ၂၇ နှစ်အရွယ် သမီးနှစ်ယောက်အပြင် ဟေဒါဆိုတဲ့ ၁၉ နှစ်အရွယ် သားယောက်ျားလေး ကျောင်းသားတစ်ဦး ရှိပါတယ်။ သမ္မတ အလီယပ်ဗ်ဟာ လက်ရှိမှာ အသက် ၅၅ နှစ်ရှိပြီး ၂၀၁၃ ခုနှစ်မှာ အတိုက်အခံတွေကို ရွေးကောက်ပွဲမှာ အကန့်အသတ်တွေ လုပ်ကာ အနိုင်ရခဲ့တာကြောင့် လက်ရှိမှာ တတိယမြောက် သမ္မတသက်တမ်းဖြစ်နေပါပြီ။

သမ္မတ အလီယပ်ဗ်ကို ထောက်ခံသူတွေကတော့ တိုးတက်မှုမရှိတဲ့ ဆိုဗီယက်အစိတ်အပိုင်းလေးဘဝကနေ ဥရောပကို စွမ်းအင်ထောက်ပံ့နေတဲ့ နိုင်ငံဖြစ်လာအောင် လုပ်ပေးခဲ့သူလို့ ချီးကျူးကြပေမဲ့ ဝေဖန်သူတွေကတော့ သူဟာ အာဏာကို အသုံးချပြီး သူတို့မိသားစု နောက်တစ်သက်စားမကုန်အောင် လုပ်နေတယ်လို့ စွပ်စွဲလျက်ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)