မြောက်ကိုရီးယားအပေါ် သည်းခံမှု ကုန်သွားပြီလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ပြော

0
244

မြောက်ကိုရီးယားနဲ့ဆက်ဆံရေးမှာ မဟာဗျုဟာကျတဲ့ သည်းခံရေး မူဝါဒကျင့်သုံးတဲ့ကာလ ကျော်လွန်သွားပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံက ပြောကြားလိုက်ပြီး စစ်ရေးဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်ကောင်း လုပ်ဆောင်သွားနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရီဇ်တီလာဆန်က တကယ်လို့ မြောက်ကိုရီးယားရဲ့စစ်လက်နက် စမ်းသပ်မှု အစီအစဉ်က အတိုင်း အတာတစ်ခုကို ကျော်လာပြီဆိုတာနဲ့ စစ်ရေးအရ လုပ်ဆောင်ဖို့ ဆွေးနွေးဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယားကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ၀န်ကြီးတီလာဆန်က အမေရိကန်နိုင်ငံအနေနဲ့ သံတမန်နဲ့ စီးပွားရေးရာ အသစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားဖို့ ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မစ္စတာတီလာဆန်က တောင်ကိုရီးယားမြေပေါ်မှာ အမေရိကန် ဒုံးကျည်ကာကွယ်ရေး စနစ်တပ်ဆင်မှုကိုလည်း ကာကွယ်ပြောဆိုခဲ့ပါတယ်။
အဆိုပါ ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်မှုက တရုတ်နိုင်ငံကို ဒေါသပေါက်ကွဲစေခဲ့ပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားနဲ့ အမေရိ ကန်နိုင်ငံတို့ကတော့ မြောက်ကိုရီးယားရန်ကို ကာကွယ်ဖို့ ဒုံးကျည်ကာကွယ်ရေးစနစ် မဖြစ်မနေလိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မစ္စတာတီလာဆန်ဟာ ဂျပန်နိုင်ငံကနေပြီး တောင်ကိုရီးယားနိုင်ငံကို ဆက်လက်သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးတီလာ ဆန်က တောင်ကိုရီးယားနိုင်ငံကိုအရောက်မှာ နျူကလီယားစမ်းသပ်နေတဲ့ မြောက်ကိုရီးယားအပေါ် စည်းရုံးဆွဲဆောင်မှုလုပ်ခဲ့တာ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

စစ်ရေးအရ ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာတော့ မစ္စတာတီလာဆန်က “ သေချာတာကတော့ ကျွန်တော်တို့အနေနဲ့ မလုပ်ချင်ပါဘူး။ စစ်ရေးအရပဋိပက္ခဖြစ်တဲ့ အခြေအနေမျိုး မလုပ်ချင်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့လက်နက်စမ်းသပ်မှုက အတိုင်းအတာလွန်လာပြီ ဆိုရင်တော့ စစ်ရေးအရ အရေးယူဆောင်ရွက်ချက်က ချက်ချင်းဆွေးနွေး လုပ်ဆောင်သွားဖို့ အသင့်ရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)