ကမ္ဘာ့အသေးငယ်ဆုံး ဂြိုလ်တုကို အိန္ဒိယ ဆယ်ကျော်သက် တီထွင်

0
335

အိန္ဒိယနိုင်ငံသား ၁၈ နှစ်အရွယ် ရီဖက်ရှာရွတ်ခ်က ကမ္ဘာ့အသေးငယ်ဆုံးလို့ပြောရမယ့် ၀.၁၄ ပေါင်သာ အလေးချိန်ရှိတဲ့ ဂြိုလ်တုကို ဖန်တီးနိုင်ခဲ့ပြီး ယင်းဂြိုလ်တုကို လာမယ့်ဇွန်လအတွင်း အမေရိကန်နိုင်ငံက နာဆာဌာနကနေ ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှင့်တင်သွားမှာဖြစ်ပါတယ်။

ရှာရွတ်ခ်ရဲ့ အဓိကရည်မှန်းချက်က ကမ္ဘာ့အသေးဆုံး ဂြိုလ်တုပြုလုပ်ဖို့ မဟုတ်ဘဲ ကာဗွန်ဖိုင်ဘာနဲ့ 3-D ပရင့်ထုတ်နိုင်တဲ့ စွမ်းဆောင်မှုကို ပြသချင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းမှာ သူ့ရဲ့ဂြိုလ်တု လေးနာရီကြာတည်ရှိမှာဖြစ်ကြောင်း ရှာရွတ်ခ်က ပြောပါတယ်။

ဒီကိရိယာလေးမှာ ဆင်ဆာရှစ်ခုနဲ့ ကွန်ပျူတာအသေးစား တပ်ဆင်ထားပြီး အရှိန်၊ လည်ပတ်မှုနဲ့ ကမ္ဘာဂြိုလ်ရဲ့သံလိုက်ရပ်ဝန်းကို လေ့လာမှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့အာကာသသိပ္ပံ ရည်မှန်းချက်တွေမှာ စွန့်ဦးတီထွင်ဦးဆောင်သူ တစ်ယောက်ဖြစ်တဲ့ သမ္မတအဘူလ်ကလမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ အဆိုပါဂြိုလ်တုလေးကို ကလမ်းဆတ် လို့ နာမည်ပေးထားပါတယ်။

ပညာရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ အိုင်ဒိုးလ်နဲ့ နာဆာတို့ ပူးပေါင်းလုပ်ဆောင်တဲ့ အာကာသတွင်းကကုဗတုံး ဆိုတဲ့ အစီအစဉ်မှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး အခုလို ကမ္ဘာ့အသေးငယ်ဆုံးဂြိုလ်တုကို ရှာရွတ်ခ်က ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာ တမီးလ်နာဒူးပြည်နယ်ရှိ မြို့ငယ်လေးတစ်ခုကနေ လာရောက်တဲ့ ဆယ်ကျော်သက်တစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရှာရွတ်ခ်ဟာ အိန္ဒိယကလေးငယ်တွေအတွက် သိပ္ပံနဲ့ ပညာရေးမြှင့်တင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Space Kidz India မှာ ဦးဆောင်သူ သိပ္ပံပညာရှင်တစ်ဦးအနေနဲ့ လုပ်ကိုင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)