ခိုလှုံခွင့်တောင်းခံသူတွေ နစ်နာကြေးအဖြစ် ဒေါ်လာ ၅၃ သန်းရရှိ

0
272

ပါပူးဝါးနယူးဂိနီကျွန်းမှာ ၂ နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ ခိုလှုံခွင့်တောင်းခံသူ ဒုက္ခသည်ပေါင်း ၂၀၀၀နီးပါးဟာ နစ်နာကြေးအဖြစ် သြစတေးလျအစိုးရထံကနေ အမေရိကန်ဒေါ်လာ ၅၃ သန်းရရှိမှာဖြစ်ကြောင်း ဒီကနေ့မှာ သြစတေးလျအစိုးရက ဆုံးဖြတ်သဘော တူပေးလိုက်ပါတယ်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာကနေ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအထိ လူ ၁၉၀၅ ဦးဟာ ပြီးခဲ့တဲ့နှစ်က သြစတေးလျအစိုးရနဲ့ အဆိုပါကျွန်းကို ကန်ထရိုက်ရယူ လုပ်ကိုင်သူနှစ်ဦးတို့ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

စနစ်တကျနှိပ်စက်မှုနဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကြောင့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအုပ်စုတွေက ၀ိုင်းဝေဖန်တာခံနေရတဲ့ သြစတေးလျခိုလှုံခွင့်တောင်းခံသူ ထိန်းသိမ်းရေးစခန်းနှစ်ခုမှာ အဆိုပါ ပါပူးဝါးနယူးဂိနီက မာနူကျွန်းက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။

ဒုက္ခသည်တွေအတွက် ရှေ့နေလိုက်ပေးခဲ့တဲ့ စလိတ်တာနဲ့ ဂေါ်ဒွန်ဆိုတဲ့အဖွဲ့က ရှေ့နေတွေက သြစတေးလျအစိုးရနဲ့ လက်ရှိအချိန်မှာ ဖာရိုဗဲလ်ကုမ္ပဏီက ပိုင်ဆိုင်ထားတဲ့ လုံခြုံရေးကုမ္ပဏီနှစ်ခုတို့က အဆိုပါနစ်နာကြေးကို စုပေါင်းပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိခိုက်နစ်နာမှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ အချိန်ကာလတွေအပေါ်မှာ မူတည်ပြီး ဒုက္ခသည်တွေကို နစ်နာကြေးအချိုးကျပေးမှာဖြစ်ကြောင်း ရှေ့နေတွေက ပြောပါတယ်။

ကုန်ကျစရိတ်များတဲ့ တရားရင်ဆိုင်မှုကြောင့် အခွန်ထမ်းပြည်သူတွေ နစ်နာမှုဖြစ်မှာကို ရှောင်ရှားပြီး အဆိုပါဖြေရှင်းချက်ကို သဘောတူညီလိုက်တာ ဖြစ်ကြောင်း သြစတေးလျအစိုးရက ပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ပီတာဒူတန်ကလည်း ဒီဆုံးဖြတ်ချက်က ဥာဏ်ရှိရာရောက်ကြောင်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)