လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ဖိလစ်ပိုင် သမ္မတကို တရားစွဲမယ်လို့ လုပ်ကြံရေးသမား ဟောင်း ပြော

0
298

သူ့ကိုယ်သူ လုပ်ကြံသတ်ဖြတ်ရေး သမားဟောင်း ဖြစ်ခဲ့ပါတယ်လို့ ဝန်ခံထားတဲ့ အက်ဒ်ဂါ မာတိုဘာတို က ဖိလစ်ပိုင် သမ္မတ ရော်ဂရီဂို ဒူတာတေးကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) မှာ တရားစွဲမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒူတာတေး သမ္မတအဖြစ် စတင် တာဝန်ယူတဲ့ မနှစ် ဇွန်လကနေ အခုအထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုပြီး လုပ်ခဲ့တဲ့ သွေးစွန်းမှုတွေမှာ လူပေါင်း ၈ ထောင်ကျော် သေခဲ့ပြီး ဖြစ်ပါတယ်။

စီးနင်း ဖမ်းဆီးတဲ့ ရဲတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပစ်သတ်ရတာလို့ အကြောင်းပြထားပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီလို ဥပဒေကို ကျော်လွန်ပြီး သတ်ဖြတ်တာတွေကို ဒူတာတေး သမ္မတ မဖြစ်မီ ဒါဗာအို မြို့တော်ဝန် အဖြစ် ၂၂ နှစ်ကြာ အုပ်ချုပ်တဲ့ ကာလကတည်းက လုပ်ခဲ့တာလို့ ဝေဖန်ထောက်ပြကြပါတယ်။

ဒူတာတေးရဲ့ လူသတ်တပ်ဖွဲ့ဝင် ဖြစ်ခဲ့တယ်ဆိုတဲ့ လူနှစ်ယောက်က ဖိလစ်ပိုင် လွှတ်တော်မှာ အစစ်ခံခဲ့ပေမယ့် အထောက်အထား မခိုင်လုံဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါဗာအိုဒေသမှာ ဒူတာတေး ညွှန်ကြားလို့ လူ ၅၀ ကျော် သတ်ခဲ့ရပါတယ်လို့ ဝန်ခံခဲ့တဲ့ လက်ဖြောင့် သေနတ်သမား အက်ဒ်ဂါ မာတိုဘာတိုဟာ ပုန်းအောင်းနေရာကနေ ICC မှာ တရားစွဲမယ်လို့ ထုတ်ဖော်ပြောဆိုတာ ဖြစ်ပါတယ်။

မာတိုဘာတိုရဲ့ ရှေ့နေ ဂျု ဆာဘီယိုက မာတိုဘာတိုဟာ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ ICC မှာ ဧပြီလ အစောပိုင်းအတွင်း တရားစွဲဆိုမှာ ဖြစ်တယ်လို့ အတည်ပြုပါတယ်။

လူသတ်တာဟာ ကြီးမားတဲ့ ရာဇဝတ်မှု ဖြစ်တယ်၊ စနစ်တကျနဲ့ အရပ်သားတွေကို သတ်နေရင် ဒါဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပဲလို့ ဆာဘီယိုက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)