ဆီးရီးယား ကလေးငယ်တွေ အတွက် ၂၀၁၆ ခုနှစ်က သေကြေမှု အများဆုံးဖြစ်

0
297

စစ်ပွဲရဲ့ဆိုးရွားတဲ့အကျိုးဆက်တွေကို ဆီးရီးယား ကလေးငယ်တွေဟာ ၂၀၁၆ ခုနှစ်မှာ အဆိုးရွားဆုံး တွေ့ကြုံခံစားခဲ့ရပြီး အခြားနှစ်တွေနဲ့ ယှဉ်ရင် သေကြေမှုအများဆုံး ဖြစ်ခဲ့ရကြောင်း ယူနီဆက်ဖ်အဖွဲ့က ပြောကြားလိုက်ပါတယ်။

၂၀၁၆ ခုနှစ်တစ်နှစ်အတွင်းမှာ ကလေးငယ် ၆၅၂ ဦး သေဆုံးခဲ့ရပြီး သေဆုံးခဲ့တဲ့ ကလေးငယ်တွေအနက် ၂၅၅ ဦးက သူတို့ရဲ့စာသင်ကျောင်း အနီးဝန်းကျင်မှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်ဟာ ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်းနူန်း ပိုများသွားခဲ့ကြောင်း ယူနီဆက်ဖ်က ပြောကြားခဲ့ပါတယ်။

အဆိုပါအရေအတွက်မှာ မိသားစုအနေနဲ့ ပုံမှန်အတိုင်း အတည်ပြုပေးနိုင်တဲ့ ကလေးငယ်တွေပဲ ရှိပါသေးတယ်။ အမှန်တကယ် သေဆုံးခဲ့ရတဲ့ အရေအတွက်က ပိုပြီးများပြားနေနိုင်ပါသေးတယ်။

ကလေးငယ်တွေကို စစ်သားအနေနဲ့ စုဆောင်းတာလည်း ခံခဲ့ကြရပြီး ကလေးငယ် ၈၅၀ ဦးကို စစ်တပ်တွေနဲ့ သူပုန်တွေက စစ်သား အနေနဲ့ စုဆောင်းခေါ်ယူသွားကြောင်း ယူနီဆက်ဖ်က ဆိုပါတယ်။

စစ်သားအနေနဲ့ စုဆောင်းခံရမှုမှာလည်း ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၀၁၆ ခုနှစ်မှာ နှစ်ဆများပြားလာခဲ့ပါတယ်။ စုဆောင်းခံ ရတဲ့ ကလေးစစ်သား တွေဟာ ရှေ့တန်းမှာတိုက်ခိုက်ကြရသလို သုတ်သင်ရေးသမား၊ အသေခံဗုံးခွဲသမား ဒါမှမဟုတ် ထောင် စောင့်အနေနဲ့ အသုံးချခံကြရပါတယ်။

“ ကြုံတွေ့ကြရတဲ့ ခါးသီးဆိုးရွားမှုတွေက မကြုံစဖူးလောက်အောင်ပါပဲ” လို့ ယူနီဆက်ဖ်အဖွဲ့ရဲ့အရှေ့အလယ်ပိုင်းနဲ့ မြောက် အာဖရိကဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဂီးရက်ကာပဲလ်လာရီက ဆီးရီးယားနိုင်ငံ၊ ဟွန်းစ်မြို့ကနေ ပြောကြားခဲ့ပါတယ်။

“ သန်းနဲ့ချီတဲ့ ဆီးရီးယားကလေးငယ်တွေဟာ နေ့စဉ်နေ့တိုင်း တိုက်ခိုက်ခံရမယ့်အန္တရာယ်ရှိနေပါတယ်။ သူတို့ဘ၀တစ်ခုလုံးက ကျွမ်းထိုးမှောက်ခုံ ဖြစ်နေကြရပါတယ်” လို့ ညွှန်ကြားရေးမှူး ကာပဲလ်လာရီက ဆက်လက်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)