ကိုရိုနာဗိုင်းရပ်စ် နောက်ဆက်တွဲအဖြစ် လူသန်းချီ အငေတ်ဘေး ကြုံလိမ့်မယ်လို့ ကုလ သတိပေး

0
618

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ ကမ္ဘာ့စားနပ်ရိက္ခာ စနစ်တွေကို ဆိုးရွားလာစေလိမ့်မယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂတ်တာရက်စ်က သတိပေးလိုက်ပါတယ်။

လူဦးရေ ၇ ဒသမ ၈ ဘီလီယံအတွက် စားနပ်ရိက္ခာဟာ လုံလောက်တာထက် ပိုလျှံခဲ့ပေမယ့် အခု လူဦးရေ သန်း ၈၂၀ ဟာ ဆာလောင်မှုနဲ့ ကြုံနေပြီလို့ ကုလသမဂ္ဂ အကြီးအကဲက ဗီဒီယို မက်ဆေ့ချ်ကနေတဆင့် ပြောကြားခဲ့တာပါ။

စားနပ်ရိက္ခာစနစ်တွေဟာ ပျက်စီးကုန်ပြီဖြစ်ကြောင်း၊ COVID-19 ရောဂါက ဒီပျက်စီးနေမှုကို ပိုဆိုးစေကြောင်း၊ အခု အရေးတကြီး ဆောင်ရွက်မှုတွေ မလုပ်ဘူးဆိုရင် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အရေးပေါ် ဖြစ်လာမယ်ဆိုတာ ပိုသိသာနေကြောင်း၊ ဒါဟာ သန်းရာနဲ့ချီတဲ့ ကလေးငယ်တွေ၊ အရွယ်ရောက်သူတွေအတွက် ရေရှည် ဆိုးကျိုးသက်ရောက်မှု ဖြစ်စေမှာ ဖြစ်ကြောင်းလည်း မစ္စတာ ဂတ်တာရက်စ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခု ၂၀၂၀ ပြည့်နှစ်အတွင်းမှာ နောက်ထပ် လူ ၄၉ သန်းလောက်ဟာ အလွန်အမင်း ဆင်းရဲနွမ်းပါးမှု ဖြစ်နိုင်ကြောင်း၊ အစားအစာနဲ့ အာဟာရ လုံလောက်မှု မရှိသူ လူဦးရေဟာလည်း အလျင်အမြန် တိုးပွားလာနေကြောင်းလည်း သူက သတိပေးသွားပါတယ်။

ကပ်ရောဂါဟာ စားနပ်ရိက္ခာနဲ့ အာဟာရဖူလုံရေး၊ အထူးသဖြင့် ထိခိုက်လွယ်တဲ့ လူ့အဖွဲ့အစည်းတွေကို ခြိမ်းခြောက်နေပြီလို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) အထွေထွေ ညွှန်ကြားရေးမှူး ဒေါင်ယုက ဇွန်လ ၉ ရက်နေ့မှာ ပြောသွားပါတယ်။

အာဖဂန် နစ္စတန်မှာ အငတ်ဘေး အခက်အခဲကြုံနေသူ ၁၀ သန်း ၃ သိန်း၊ ဗဟိုအာဖရိက သမ္မတ နိုင်ငံမှာ စားနပ်ရိက္ခာ မဖူလုံမှု ကြုံနေသူ ၂ သန်း ၄ သိန်း၊ ဆိုမာလီယာမှာ လာမယ့် လတွေအတွင်း အငတ်ဘေး ကြုံနိုင်သူ ၃ သန်းခွဲ ရှိနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။


___________________

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံကစတင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ နိုင်ငံနဲ့ အုပ်ချုပ်ခံ ဒေသပေါင်း ၁၈၈ ခုကို ပျံ့နှံ့နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)