သင်္ဘောဖျက်ဒုံးကျည် မြောက်ကိုရီးယား ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားပြော

0
306

မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းကနေ သင်္ဘောဖျက်ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားပါတယ်။

အဲဒီ ဒုံးကျည်တွေဟာ ရေထဲမကျခင် မိုင်ပေါင်း ၁၂၅ မိုင် ပျံသန်းခဲ့ကြောင်း သိရှိရပါတယ်။ အခုနှစ်မှာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှု အားလုံး အောင်မြင်မှုရခဲ့တာ မဟုတ်ပေမယ့် ပစ်လွှတ်မှုအားလုံးက ကုလသမဂ္ဂရဲ့ တားမြစ်မှုကို ချိုးဖောက်ရာ ရောက်ခဲ့ပြီး နိုင်ငံတကာမှာ နျူကလီးယားနဲ့ စစ်မက်အရေးကို နှိုးဆော်သတိပေးသလို ဖြစ်ခဲ့ရပါတယ်။

မေလ ၂၉ ရက်နေ့မှာ စကတ်ဒ်ဒုံးကျည်တစ်စင်းကို အခု ပစ်လွှတ်တဲ့ ဒေသကနေပြီး ပစ်ခတ်ခဲ့ပြီး ကီလိုမီတာ ၄၅၀ အထိ ခရီးပေါက်ခဲ့ပါတယ်။ မြောက်ကိုရီးယား အရာရှိတွေနဲ့ နိုင်ငံရဲ့ အဖွဲ့အစည်းအချို့ကို ပစ်မှတ်ထား ပိတ်ဆိုမှုကို အမေရိကန် အဆိုတင်သွင်းခဲ့တဲ့အတိုင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ပြီးခဲ့တဲ့သောကြာနေ့မှာ အတည်ပြု သတ်မှတ်ခဲ့ပါတယ်။

အဲဒီ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က သူ့ရဲ့စစ်တပ်ကို ဒေသတွင်းမှာ အင်အားဖြည့်တင်းခဲ့ပါတယ်။ မကြာသေးခင်က ဂျပန်ပင်လယ်အတွင်းမှာ အမေရိကန် လေယာဉ်တင် သင်္ဘောနှစ်စင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စိစစ်ရေးမပြီးမချင်း အမေရိကန်ရဲ့ Thaad လို့ ခေါ်တဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်ကို ထပ်မံ တိုးချဲ့တပ်ဆင်မှု ခေတ္တဆိုင်းငံထားမှာ ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။

ပြုံယမ်း အစိုးရကလည်း ဘယ်တုန်းကနဲ့မှ မတူတဲ့ အတိုင်းအတာနဲ့ ဒုံးကျည်တွေကို ပစ်လွှတ် စမ်းသပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားရဲ့ ရည်မှန်းချက်အတိုင်း အမေရိကတိုက်ကို ပစ်ခတ်နိုင်မယ့် နျူကလီယားထိပ်ဖူးတပ် ဒုံးကျည်ကို စမ်းသပ် အောင်မြင်သွားမှာ ကျွမ်းကျင်သူတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)