ၾသစေတးလ် စီးပွားရေး နှေးကွေး၊ ၂၆ နှစ်ကြာ စီးပွားပျက်ကပ်မရှိ စံချိန်ကို ဆက်ထိန်းထား နိုင်သေး

0
261

တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သြစတေးလျနိုင်ငံဟာ နောက်ထပ် ဘဏ္ဍာရေး နှစ်အတွင်း စီးပွားရေးတိုးတက်မှု ဆက်လက် ဖြစ်ပေါ်နေပြီး စီးပွားပျက်ကပ်မရှိ စံချိန်ကို ၂၆ နှစ်ကြာ ထိန်းထားနိုင်ပါသေးတယ်။ ဒါပေမယ့် စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေး လေးလံလာနေတာကြောင့် မရေရာတဲ့ အနာဂတ်ရှိနေကြောင်း ခွဲခြမ်းစိတ်ဖြာသူတွေက သုံးသပ်ထားပါတယ်။

လစာနည်းပါးမှု၊ ကုန်သွယ်ရေးဆိုင်ရာ ကိန်းဂဏန်းတွေ အားပျော့လာမှု တွေအပြင် မတ်လနှောင်းပိုင်းက မုန်တိုင်း ၀င်ရောက်ခဲ့လို့ စီးပွားရေး ကျုံ့ဝင်လာ နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေသူတွေကို အခုတရားဝင် ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေက ထပ်မံ ထိုးနှက်လိုက်သလို ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လအထိ သုံးလနောက်ဆုတ်ပြီး ကြည့်ရင် စီးပွားရေးဖွံ့ဖြိုးမှုက ၀ ဒသမ ၃ ရာခိုင်နူန်းရှိပြီး နှစ်စဉ် ဖွံ့ဖြိုးမှုနူန်းက ၁ ဒသမ ၇ ရာခိုင်နှုန်းရှိ နေခဲ့ကြောင်း သြစတေးလျ စာရင်းအင်း ဗျူရိုက ဖော်ပြထားပါတယ်။

နှစ်စဉ်ဖွံ့ဖြိုးနှုန်းက ခန့်မှန်းချက်အထက်မှာ ရှိနေပြီး သြစတေးလျ ဒေါ်လာကို ပိုမာလာစေပေမယ့်လည်း ယခင်ဘဏ္ဍာရေး ၄ လ ကာလမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းအောက်ကို သိသိသာသာ ကျဆင်းသွားပါတယ်။

၁၉၈၀ ပြည့်နှစ်တွေနဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရင်းအမြစ် ကြွယ်ဝတဲ့ သြစတေးလျနိုင်ငံရဲ့ ကာလရှည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေခဲ့ကြောင်း စီးပွားရေး ပညာရှင်တွေက သုံးသပ်ထားပါတယ်။

အဲဒီ ကာလတွေအတွင်းမှာ သြစတေးလျနိုင်ငံဟာ ဒေသတွင်း ငွေကြေးအရှင်ထားမှု၊ ပြုလွယ်ပြင်လွယ်ရှိတဲ့ လုပ်အားဈေးကွက်၊ ဘဏ္ဍာရေးကဏ္ဍနဲ့ အရင်းအနှီးဈေးကွက် စည်းမျဉ်းလျှော့ချမှု၊ အခွန်အကောက် လျှော့ချမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အဆမတန်မြင့်မားမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတို့ကလည်း သြစတေးလျနိုင်ငံကို အကျိုးဖြစ် ထွန်းစေခဲ့ပါတယ်။ တရုတ်ရဲ့ ဖြစ်ထွန်းထိုးတက်မှုနဲ့ လိုအပ်ချက်တွေကြောင့် သြစတေးလျမှာ သတ္တုတူးဖော်ရေး လုပ်ငန်းတွေဟာ ဘယ်တုန်းကနဲ့မှမတူတဲ့ ပမာဏနဲ့ စန်းပွင့်ခဲ့ပါတယ်။

ကုန်စည်ဈေးနူန်းတွေလည်း ဘယ်တုန်းကနဲ့မှ မတူတဲ့နူန်းထား အထိ မြင့်တက်လာခဲ့ပါတယ်။
ဒါပေမယ့် လာမယ့်နှစ်တွေမှာ စီးပွားရေးဖွံ့ဖြိုးမှု ဆက်လက် ဖြစ်ပေါ်နေဖို့က ပန်းခင်းတဲ့လမ်း မဟုတ်ကြောင်း ကျွမ်းကျင်သူတွေက သတိပေး ပြောကြားခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)