ကြက်ငှက်တုပ်ကွေး တိုက်ဖျက်ရေး တောင်ကိုရီးယားမှာ ကြက်၊ ဘဲ သယ်ယူမှု ပိတ်ပင်

0
263

ကြက်၊ ဘဲ စုစုပေါင်း ၁ သိန်း ၈ သောင်းကျော်ကို သတ်ဖြတ်သုတ်သင်ခဲ့ရတဲ့ H5N6 တုပ်ကွေး ပျံ့နှံမှုကြောင့် တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံတဝန်း ကြက်၊ ဘဲ သယ်ဆောင်မှုကို ယာယီ ပိတ်ပင်ထားပါတယ်။

အဆိုပါ တုပ်ကွေး ကူးစက်မှုကို ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က တောင်ပိုင်းဒေသရှိ ဂျီဂျုကျွန်းမှာ ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အလားတူ ကူးစက်မှု လေးခုကိုလည်း မတူညီတဲ့ ဒေသတွေမှာ နိုင်ငံအနှံ့ ဆက်လက် တွေ့ရှိခဲ့ရပါတယ်။

ဇွန်လ ၆ ရက်နေ့မှာ ဆိုးလ်အစိုးရက နိုင်ငံတဝန်း ကြက်ငှက်တုပ်ကွေး သတိပေး နိုးဆော်ချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကြက်၊ ဘဲပေါင်း ၁ သိန်း ၈ သောင်းကျော်ကိုလည်း ကူးစက်မှု မပျံ့နှံအောင် သတ်ဖြတ်ခဲ့ကြောင်း တောင်ကိုရီးယား စိုက်ပျိုးရေး ၀န်ကြီးဌာနက ပြောပါတယ်။

“ရောဂါပိုး ကူးစက်ပျံ့နှံမှုကို မကြာခင် ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကြက်ငှက်တုပ်ကွေး သတိပေး နိုးဆော်ချက်ကိုလည်း အမြင့်ဆုံး သတ်မှတ်ကြေညာခဲ့ပါတယ်” လို့ ၀န်ကြီးဌာနရဲ့ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုးဆော်ချက်အဆင့် လေးဆင့်ရှိပြီး အမြင့်ဆုံးအဆင့်ကတော့ ကြက်ငှက်သယ်ဆောင်တဲ့ ယာဉ်တွေကို အရာရှိတွေက ပိတ်ပင်ခွင့်ရှိပါတယ်။ အရောင်းဆိုင်တွေ၊ သားသတ်ရုံတွေကိုလည်း ပိတ်ခွင့်ပေးထားပြီး အသားထုတ်လုပ်မှု လုပ်ငန်းတွေမှာ ကာကွယ်ဆေး ထိုးတာတွေနဲ့ လမ်းပေါ်က မော်တော်ယာဉ်တွေမှာ ကူးစက်မှု မရှိအောင် စီမံလုပ်ဆောင်တာတွေကို အရာရှိတွေက လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။

၂၄ နာရီအတွင်း ကြက်၊ ဘဲ သယ်ဆောင်မှု ပိတ်ပင်မှာဖြစ်လို့ ဒီနေ့ ဇွန်လ ၇ ရက်နေ့မှာ ပိတ်ပင်မှု စတင် အကျုံးဝင်မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းက ကြက်ငှက်တုပ်ကွေး အပြင်းထန်ဆုံး ကူးစက်ပျံ့နှံမှု ဖြစ်ပေါ်ခဲ့ပြီး ကြက်၊ ဘဲပေါင်း သန်း ၃၀ အထိ စံချိန်တင် သတ်ဖြတ်ခဲ့ရပါတယ်။ ယင်းဖြစ်စဉ်ကြောင့် ကြက်ဥဈေးတွေ ထိုးတက်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ပြည်သူတွေကို ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် ကူးစက်မှုမရှိပေမယ့် တရုတ်နိုင်ငံမှာတော့ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း အဲဒီ ဗိုင်းရပ်စ်ကြောင့် လူ ၆ ဦး သေဆုံးခဲ့ရပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ ပြင်းထန်တဲ့ ကြက်ငှက်တုပ်ကွေးက လူသားတွေကို ကူးစက်နိုင်ခြေရှိကြောင်း အခုနှစ်အစောပိုင်းမှာ သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)