ခြောက်နှစ်ကြာ စစ်ပွဲ စိတ်ဒဏ်ရာကြောင့် ဆီးရီးယား ကလေးငယ်တွေ သတ်သေဖို့ ကြိုးပမ်းမှုများ ရှိလာ

0
264

ခြောက်နှစ်လောက် ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကပေးတဲ့ စိတ်ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ဆီးရီးယား ကလေးငယ်တွေဟာ စိတ်ဖိစီးမှု အလွန်အမင်း များလာပြီး မိမိကိုယ်ကိုယ် ထိခိုက်ဒဏ်ရာ ရအောင် လုပ်မှုများ၊ သတ်သေရန် ကြိုးပမ်းမှုများ ရှိလာတယ်လို့ အစီခံစာ တစ်စောင်က ဖော်ပြလိုက်ပါတယ်။

ခြောက်နှစ်ကြာ ဆီးရီးယားစစ်ပွဲကို Save the Children အဖွဲ့က လေ့လာပြီး သုံးသပ်ထားတဲ့ အစီရင်ခံဖြစ်ပါတယ်။ ကလေးသူငယ်၊ အရွယ်ရောက်စနဲ့ အရွယ်ရောက်နေသူ ၄၅၀ ကို မေးမြန်းလေ့လာ ရေးသားထားတာပါ။

စာသင်ကျောင်းမှာတောင် လုံခြုံမှု မခံစားရတာ၊ စကားပြောတတ်လာအောင် ဖွံ့ဖြိုးရမယ့် အရွယ်မှာ အနှောင့်အယှက်တွေ ပေါ်နေတာ၊ တချို့ဆိုရင် စကားတောင် မပြောတတ်တော့တာမျိုးတွေ ဖြစ်နေပါတယ်။

ကလေးငယ်တွေရဲ့ ကနဦးဘဝအပေါ် သက်ရောက်မှုတွေ ရှိနေကြောင်း၊ ကလေးသဘာဝ ဖွံ့ဖြိုးလာရမယ့် ဖြစ်စဉ်တွေ ပျက်စီးသွားပြီး ရှေ့လျှောက် ဘဝတစ်လျှောက်လုံးမှာ ဆိုးကျိုးတွေ ခံသွားရနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အဆက်မပြတ် အမြောက်ဆန်တွေ ကျနေတာ၊ ဗုံးတွေ ကျကွဲနေတာတွေဟာ အရွယ်ရောက်ပြီးသူတွေ ကြားမှာတော့ အဓိက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

ကလေးငယ် ၈၀ ရာခိုင်နှုန်းက စိတ်တိုလွယ်လာကြတယ်၊ ၇၁ ရာခိုင်နှုန်းက အိပ်ယာထဲမှာ ဆီးထွက်ကျတာ၊ ဆီးမခိုင်တော့တာတွေ ဖြစ်နေကြပြီး ဒါတွေဟာ စိတ်အလွန်အမင်း ဖိစီးမှုရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ကလေးငယ် သုံးပုံ နှစ်ပုံဟာ စစ်ပွဲလက်ချက်ကြောင့် သူတို့မိသားစုထဲက ချစ်ခင်သူတွေနဲ့ သေကွဲ ကွဲတာကို ခံစားခဲ့ကြရပါတယ်။

အလွန်ပြင်းထန်တဲ့ ဗုံး၊ အမြောက်ဆန် ပေါက်ကွဲမှုတွေ အမြဲလိုလိုဖြစ်နေတဲ့ ဆီးရီးယား စစ်ပွဲဒေသမှာ ကလေးသူငယ် ၃ သန်းရှိနေပါတယ်။ ခြောက်နှစ်အောက် ကလေးငယ်တွေဆိုရင် စစ်ဆိုတာ တစ်ခုကလွဲပြီး ဘာမှကို သိခွင့်မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)