အိမ်နီးချင်းတွေနဲ့ တင်းမာမှုမြင့်တက်ပြီး လေကြောင်းပိုင်နက် ပိတ်ပင်မှုနဲ့ ကာတာ ရင်ဆိုင်နေရ

0
362

သံတမန်တင်းမာမှုတွေ မြင့်တက်လာချိန်မှာ အီဂျစ်နိုင်ငံက သူ့ရဲ့လေကြောင်း နယ်နိမိတ်အတွင်း ကာတာ လေယာဉ်တွေကို ၀င်ခွင့် မပေးဘဲ ပိတ်ပင်လိုက်ပြီး တခြားအိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ ဘာရိန်းနိုင်ငံ တို့ကလည်း အလားတူ အရေးယူမှုမျိုး ဒီကနေ့ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

ပင်လယ်ကွေ့ဒေသမှာ အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကာတာနိုင်ငံကို နိုင်ငံအတော်များများက ဆက်ဆံရေး ဖြတ်တောက်လိုက်ကြပါတယ်။ ဘာရိန်း၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီးမှာရှိတဲ့ ကာတာနိုင်ငံသားတွေကိုလည်း နှစ်ပတ်အတွင်း နိုင်ငံအတွင်းက ထွက်ခွာဖို့အမိန့်တွေ ထုတ်ပြန်ထားပါတယ်။

ကာတာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကတော့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း အပြန်အလှန် ဆွေးနွေးကြဖို့ တောင်းဆိုထားပြီး စစ်သွေးကြွအဖွဲ့တွေကို ထောက်ခံ အားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်သွားပါတယ်။

နောက်ထပ် ထုတ်ပြန်ချက် မထုတ်မချင်း ယနေ့ညပိုင်း ၁၀ နာရီခွဲခန့်က စတင်ပြီး ကာတာ လေယာဉ်တွေကို မိမိတို့ရဲ့ လေကြောင်း ပိုင်နက်အတွင်း ပျံသန်းခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အီဂျစ်နိုင်ငံက ကြေညာခဲ့ပါတယ်။

ကာတာနိုင်ငံ၊ မြို့တော်ဒိုဟာမှာ ခရီးစဉ်တွေ အနှောက်အယှက် ဖြစ်ကုန်မှာဖြစ်ပါတယ်။ ဒိုဟာလေဆိပ်ဟာ ကာတာကနေ နိုင်ငံတကာကို ပျံသန်းနေတဲ့ အဓိကလေဆိပ်ကြီး ဖြစ်ပါတယ်။ အဆိုပါ အရေးယူ ပိတ်ပင်မှုကြောင့် ထိခိုက်မှုဖြစ်မယ့် လေကြောင်းလိုင်းတွေကတော့ ကာတာအဲယားဝေး၊ အက်တီဟတ်ဒ် အဲယေားဝေးနဲ့ အမ်မရိတ်လေကြောင်းလိုင်းတို့ ဖြစ်ကြောင်း သိရှိရပါတယ်။

အနောက်ဘက်ကို ပျံသန်းမယ့် လေယာဉ်တွေဟာ အဓိက အိမ်နီးချင်းနိုင်ငံက လေကြောင်းပိုင်နက်တွေကို ရှောင်ကွင်းသွားရမှာ ဖြစ်လို့ ဆော်ဒီအာရေဗျနဲ့ ကာတာလေယာဉ်တွေဟာ လမ်းကြောင်းပိုရှည်မှာဖြစ်လို့ ပျံသန်းချိန်လည်း ပိုပြီးကြာမြင့်သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကာတာ နိုင်ငံခြားရေးဝန်ကြီး ရှိတ်မိုဟာမက်ဘ ဘင်အဘူရာမန် အဲလ်သာနီကတော့ နိုင်ငံတကာ လေကြောင်းပိုင်နက်တွေကနေတဆင့် ကမ္ဘာတဝန်း ပျံသန်းလို့ရနေပါသေးတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)