မဲလ်ဘုန်းမြို့မှာ အကြမ်းသမား အသေဖမ်းမိပြီး ဓားစာခံကို ကယ်ထုတ်

0
300

သေနတ်သမားတစ်ဦး အသေဖမ်းဆီးခဲ့ရတဲ့ မဲလ်ဘုန်းမြို့က အဖြစ်အပျက်တစ်ခုကို သြစတေးလျရဲတပ်ဖွဲ့က အကြမ်းဖက်မှုအဖြစ်
သတ်မှတ်ခဲ့ပါတယ်။

ပေါက်ကွဲမှုသတင်းပေးပို့ချက် ရရှိပြီး လူတစ်ဦးသေဆုံးနေတဲ့ တိုက်ခန်းတစ်ခန်းဆီကို လက်နက်အများအပြား တပ်ဆင်ထားတဲ့ အရာရှိတွေ မနေ့က ဇွန်လ ၅ ရက်နေ့မှာ ၀င်ရောက်စီးနင်းခဲ့ပါတယ်။

တိုက်ခန်းအတွင်းက နောက်ထပ် သေနတ်သမားဖြစ်သူ ရာကွတ်ခါရီဟာ သေနတ်အတိုတစ်လက် ကိုင်ဆောင်ထားပြီး အမျိုးသမီး တစ်ဦးကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားပါတယ်။ အဲဒီ ၀ရုန်းသုန်းကား ဖြစ်စဉ်အတွင်း ရာကွတ် (၂၉နှစ်) က ရုပ်သံမီဒီယာတွေ ခေါ်ပေးဖို့တောင်းဆိုခဲ့ပြီး သူဟာ IS အတွက် လုပ်ဆောင်နေတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အစ္စလာမ်မစ် တယူသန် အကြမ်းဖက်အဖွဲ့ IS နဲ့ ရာကွတ်တို့အကြားမှာ ဆက်နွှယ်မှု အထောက်အထား မတွေ့ ရကြောင်း သြစတေးလျရဲတပ်ဖွဲ့က ပြောပါတယ်။

သေနတ်သမား ရာကွတ်ကို အသေပစ်ခတ် ဖမ်းဆီးခဲ့ရပြီး ယင်းဖြစ်စဉ်အတွင်း ရဲအရာရှိ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဓားစာခံကိုတော့ အထိအခိုက်မရှိ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဓားစာခံဟာ ဆောက်လုပ်ရေးလုပ်ငန်းက ၀န်ထမ်းတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေရာကို မတော်တဆ ရောက်ရှိနေခဲ့တာဖြစ်ကြောင်း ဗစ်တိုးရီးယား ရဲဌာနအကြီးအကဲ ဂရာဟမ်အက်ရှ်တန်က ဆိုပါတယ်။

သေနတ်သမား ရာကွတ်ဟာ ဆိုမာလီနိုင်ငံမှာ မွေးဖွားခဲ့တဲ့ သြစတေးလျနိုင်ငံသား ဖြစ်ပါတယ်။ ရာကွတ်ဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့အတွက် မဲလ်ဘုန်းမြို့က လူချမ်းသာရပ်ကွက်ဘက်ကို မျှားခေါ်ခဲ့တာ ဖြစ်နိုင်ပါတယ်။

တရားခံရာကွတ်က IS နဲ့ အယ်လ်ကေးဒါးအဖွဲ့ကို ရည်ညွှန်းပြောဆိုခဲ့တာကြောင့် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးအနေနဲ့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း မစ္စတာ အက်ရှ်တန်က ပြောကြားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က ဆစ်ဒနီမြို့ရှိ ရဲဘော်ဘားတိုက်ကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုကို ရဲတပ်ဖွဲ့က တားဆီးဖော်ထုတ်နိုင်ခဲ့ပြီး အဲဒီအမှုမှာ ရာကွတ်ကို စစ်ဆေးခဲ့ဖူးကြောင်း သိရှိရပါတယ်။ နောက်ပိုင်းမှာ အပြစ်မရှိဘူးဆိုပြီး ရာကွတ်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)