အမျိုးသားလုံခြုံရေးအေဂျင်စီ သတင်းပေါက်ကြား မှုကြောင့် အမေရိကန်အစိုးရ ကန်ထရိုက်တာကို ဖမ်းဆီး

0
270

ထိပ်တန်း လျှို့ဝှက်ချက်တွေကို သတင်းမီဒီယာဆီ ပေါက်ကြားစေမှု သံသယနဲ့ အမေရိကန်အစိုးရ ကန်ထရိုက်တာ တစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ရီရဲလ်လတီ ၀င်းနား (Reality Winner) ၂၅ နှစ်ဟာ အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်ရှိ အစိုးရဌာနကနေ လျှို့ဝှက် အချက်အလက်တွေကို ဖော်ထုတ်ခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရေးမှာ ရုရှားနိုင်ငံက ၀င်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ အမျိုးသားလုံခြုံရေး အေဂျင်စီရဲ့စွပ်စွဲချက်ကို Intercept သတင်းဌာနက ဖော်ပြခဲ့ပြီး မကြာခင်မှာ အခုလို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

သတင်းမီဒီယာတွေကို ပေါက်ကြားမှုတွေကြောင့် ထရမ့်အစိုးရဟာ အပြင်းအထန် ဆန့်ကျင်ဝေဖန်မှုတွေ ခံနေရပါတယ်။
မစ္စ ၀င်းနားကို ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ကြောင်း အမေရိကန် တရားရေးဌာနက ဖော်ပြပါတယ်။

သူမဟာ ပလူရီဘတ်စ် အင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ကန်ထရိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက ဂျော်ဂျီယာ ပြည်နယ်ရှိ အမျိုးသားလုံခြုံရေး အေဂျင်စီအတွက် လုပ်ကိုင်ပေးခဲ့သူ ဖြစ်ပါတယ်။

Intercept သတင်းဌာနရဲ့ဖော်ပြချက်အရ မော်စကို စစ်ထောက်လှမ်းရေး အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုမှာ အမေရိကန်မဲဆန္ဒပြု ဆော့ဝဲလ်စနစ်ကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ အမျိုးသားလုံခြုံရေး အေဂျင်စီက စွပ်စွဲဖော်ပြထားကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ဒေသခံမဲဆန္ဒရုံအရာရှိ ၁၀၀ ကျော်ဆီကိုလည်း ထိုးဖောက် ဝင်ရောက်မယ့် မေးလ်တွေ ပို့ခဲ့ကြောင်းလည်း အမျိုးသားလုံခြုံရေး အေဂျင်စီက စွပ်စွဲဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဟက်ကာတွေ အောင်မြင်မှု ရရှိသွားခဲ့တယ်လို့တော့ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေက မဖော်ပြခဲ့ပါဘူး။

အဲဒီဖိုင်တွေကို လာမယ့်၂၀၄၂ ခုနှစ်၊ မေလမတိုင်မီအထိ လျှို့ဝှက်ထားဖို့ စီမံခဲ့တာဖြစ်ပေမယ့် အခုလို ပြင်ပမီဒီယာဆီ ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)